ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၇၊၂၀၂၄
အရွယ်ရောက်ပြီးသည့် ပအိုဝ်းလူငယ်များအနေဖြင့် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)ထံ တာဝန်ထမ်းဆောင်သင့်ပြီဟု PNA က ယမန်နေ့ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားပါသည်။
မိမိတို့လူမျိုးစုကို သူတစ်ပါးမှ နှိပ်စက်ခြင်း၊ အနိုင်ကျင့်ခြင်း မဖြစ်ရလေအောင် စစ်အင်အားတောင့်တင်းရန်လိုအပ်ပြီး ပအိုဝ်းတမျိုးသားလုံးအနေဖြင့် အရွယ်ရောက်ပြီးသား ပအိုဝ်းလူငယ်များသည် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ထံသို့ တာဝန်ထမ်းဆောင်သင့်ပြီဟု PNAက မိဘပြည်သူလူထုထံ အသိပေးနိုးဆော်ထားသည်။
“ငါတို့နယ်မြေကို ကာကွယ်နိုင်ဖို့နဲ့ ငါတို့လူမျိုးရဲ့ ရန်သူကိုတိုက်ထုတ်နိုင်ရန် အချိန်တန်ပြီ၊ အရွယ်ရောက်ပြီးတဲ့ ပအိုဝ်းလူငယ်များအနေဖြင့်လည်း စစ်ပညာရပ်ဆိုင်ရာတွေကို သင်ယူဖို့လိုပြီး ပအိုဝ်းအမျိုးသားတပ်မတော် အတွက်တာဝန်ထမ်းဆောင်ပေးသင့်ပြီ”ဟု ဆိုထားပါသည်။
လူမျိုးအကျိုးစီးပွားမပျက်ပြားရလေအောင် မိမိတို့နယ်မြေမှာ စစ်တလင်းမဖြစ်ရလေအောင် ကာကွယ်ရန်လိုနေပြီးဖြစ်ကြောင်း၊ နယ်မြေကာကွယ်ရန်အတွက် အမျိုးသားတပ်မတော်မှ တာဝန်ရှိသည်မဟုတ်ပဲ ပအိုဝ်းအမျိုးသားလုံးအားလုံး၌ တာဝန်ရှိကြောင်းဆိုထားသည်။
ထို့ကြောင့် မိမိတို့နယ်မြေကို ကာကွယ်ရန်ခြေလက်ဖြင့်ကာကွယ်၍မရကြောင်း စစ်အင်အားနှင့်သာ ကာကွယ်လို့ရနိုင်ကြောင်း ပအိုဝ်းအမျိုးသားတပ်မတော်(PNA)က ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *