ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၇၊ ၂၀၂၄
စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထု တစ်ရပ်လုံးလိုလားတောင်းတသည့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်သည့်အထိ ဘဝတူ ညီနောင်မဟာမိတ် များနှင့်အတူ တော်လှန်ရေး ဆင်နွဲသွားမည်ဟု PNLO ကကြေညာလိုက်သည်။
လက်ရှိ ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခသည် ပအိုဝ်း အချင်းချင်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခြင်းမလုပ်ဘဲ စစ်ကောင်စီဩဇာခံ ပအိုဝ်းပြည်သူ့စစ်များကိုလည်း ဘက်ပြောင်းခိုလှုံရန် တိုက်တွန်းလိုက်သည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) သည် စစ်ကောင်စီနှင့် NCA ငြိမ်းချမ်း ရေးစာချုပ်အရ အပစ်ရပ်ထားသည့်အဖွဲ့ဖြစ်သော်လည်း ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။
နှစ်ဖက်အကြား စစ်ရေးတင်းမာမှုသည် ဇန်နဝါရီ ၂၁ က ရှမ်းပြည်နယ် ဟိုပုံးမြို့၊ စံဖူး(လုံးဟီ)ရွာအနီးတွင် PNLO/PNLA ၏ လက်နက်ယာဉ်တန်းကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တို့က ဖမ်းဆီးခဲ့ရာမှ စတင်ခဲ့ပြီးနောက် ဆီဆိုင်မြို့ပေါ်အထိ တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။
PNLO သည်ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ၈ နှစ်တိုင် ပါဝင်ခဲ့သော်လည်း အာမခံချက်ရှိသော နိုင်ငံရေးရလဒ် မရခဲ့ဟုလည်းကြေညာချက်တွင်ဖော်ပြထားသည်။
ပအိုဝ်းအမျိုးသားပြည်သူများအနေဖြင့် မိမိတို့အမျိုးသားအခွင့်အရေးများပေါ်ထွန်းလာရေးအတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှင့်အတူ ပူးပေါင်းပါဝင်ပေးရန်လည်း တိုက်တွန်းထားသည်။
လက်ရှိဆီဆိုင်မြို့တွင် ဇန်နဝါရီ ၂၅ ရင်က PNLO/ PNLA နှင့်မဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကြောင်းသိရသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသည့် PNLO/PNLA ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် အာဏာသိမ်းစစ်တပ်၏ “ငြိမ်းချမ်းရေး” ဆွေးနွေးပွဲတိုင်းတွင် ပူးပေါင်းဆောင်ရွက်နေရာမှ စစ်ကောင်စီကို ပထမဆုံးအကြိမ် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed