ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၇၊ ၂၀၂၃
ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသည့် အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်ကြရန် ဇန်နဝါရီ ၂၇ ရက်နေ့က PNLAမှ တိုက်တွန်းလွှာ ထုတ်ပြန်လိုက်သည်။
ဆီဆိုင်မြို့နယ် လွယ်ထွဲရွာအနီးတွင် ဇန်နဝါရီ ၂၆ ရက်က ဦးနေဝင်းထွန်းဦးဆောင်သည့် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် နှင့် PNLA မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။
နေဝင်းထွန်းဦးဆောင်သည့် စစ်ကောင်စီနှင့် လက်အောက်ခံ PNO အသွင်ပြောင်း ပြည်သူ့စစ်ပူးပေါင်းအင်အား ၁၅၀ ခန့်နှင့် PNLA မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီး အခင်းဖြစ်ပွားရာနေရာတွင် ပြည်သူ့စစ် အလောင်း ၁ လောင်းနှင့် လက်နက် ၁ လက် ကျန်ရှိခဲ့သည်ဟု PNLA စစ်ရေးလှုပ်ရှားမှုကသတင်းထုတ်ပြန် သည်။
ဇန်နဝါရီလ ၂၆ ရက်နေ့တွင် PNLA မဟာမိတ်တပ်ဖွဲကစစ်ကောင်စီ နှင့် တိုက်ပွဲဖြစ်ပွားရာ ခလရ ၄၂၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ပြီး လက်နက် ခဲယမ်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ဆီဆိုင်မြို့နှင့် ကျေးရွာများကို စစ်ကောင်စီက တနေကုန် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခတ်ခြင်း၊ ဂျက်ဖိုက်တာ ၊ Y12 လေယာဉ်များဖြင့် တနေကုန် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များ ပျက်စီးထိခိုက်မှုရှိခဲ့ကြောင်း PNLA ထုတ်ပြန်ချက်အရသိရသည်။
နှစ်ဖက်အကြား စစ်ရေးတင်းမာမှုသည် ဇန်နဝါရီ ၂၁ က ရှမ်းပြည်နယ် ဟိုပုံးမြို့၊ စံဖူး(လုံးဟီ)ရွာအနီးတွင် PNLO/PNLA ၏ လက်နက်ယာဉ်တန်းကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တို့က ဖမ်းဆီးခဲ့ရာမှ စတင်ခဲ့ပြီးနောက် ဆီဆိုင်မြို့ပေါ်အထိ တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။
PNLO/ PNLA အနေ​ဖြင့် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထု တစ်ရပ်လုံးလိုလားတောင်းတသည့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်သည့်အထိ ဘဝတူ ညီနောင်မဟာမိတ် များနှင့်အတူ တော်လှန်ရေး ဆင်နွဲသွားမည်ဟုသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *