ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၅၊၂၀၂၄
ပအိုဝ်းဒေသတွင် စစ်ရေးမငြိမ်မသက် ဖြစ်ချိန်ကာလအတွင်း Facebook လူမှုကွန်ယက်ပေါ်တွင် ဝါဒဖြန့် page၊ သတင်းတုသတင်းအမှား တင်သော page ပိုများ လာကြောင်း တွေ့နေရပါသည်။
ထို page အများစုသည် ပအိုဝ်းစာ၊ ပအိုဝ်းဘာသာစကားဖြင့် ရေးတင် ပြောဆို နေပြီး ပအိုဝ်း လူထုများအကြား ကြည့်ရှုသူ၊မျှဝေသူလည်း များစွာ ရှိပြီး ယုံကြည်နေကြသည်ကို တွေ့နေရပါသည်။
“တိုက်ပွဲ ဖြစ်နေတာကို အခြေအနေ ငြိမ်ပြီ ပြန်လို့ရပြီဆိုပြီး အဲ page တွေကတစ်ဆင့် ပြောတယ် ရွာသားကလည်း ပြန်သွားပြီး လက်နက်ကြီးထိတာ ၊ဗုံးထိတာ၊ မိုင်းနင်းမိတာ တွေကြုံရတယ်။ အခုမှ မဟုတ်ဘဲ ပင်လောင်းဖက် နန်းနိမ်းကိစ္စလည်းသက်သေပါဘဲ။ ဒါကြောင့် ပြည်သူအနေနဲ့လည်းတိကျမှန်ကန်တဲ့ သတင်း page တွေကို စောင့်ကြည့် ဖို့ ပြောချင်ပါတယ်။”ဟု ပအိုဝ်း လူငယ်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက် နေ့တွင် ခွန်ဆူမိုအ ကောင့် မှ “မီဒီယာတွင် ရေးတာနဲ့ မျက်စိနဲ့မြင်ရတဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌ဆီဆိုင် ဒေသခံသတင်း” ခေါင်းစဉ်ဖြင့် Post ကို ကြည့်ပြီး တိမ်းရှောင်နေပြီဖြစ်သော ဒေသခံတစ်ချို့ ယုံကြည်ပြီးမြို့ကို ပြန်လာခဲ့သူများစွာ ရှိကြောင်းသိရသည်။
“ခွန်ဆူမိုတင်တဲ့ post မှာ ၇၅%ငြိမ်းချမ်းတယ်ပြောလို့ အဲနေ့ညက တိမ်ရှောင်ပြီး လမ်းတစ်ဝက်မှာ ပြန်လာခဲ့တာ။ အခြေအနေက ငြိမ်ပါတယ် ပေါ့ ပြန်လာတော့ မကြာဘူး ၄ နာရီ ကျော်မှာ လက်နက် ငယ်သံ စကြားပြီး မနက်မိုးလင်းတဲ့အထိ အိပ်မရခဲ့ဘူး။ လေယာဉ်သံ ၊လက်နက်ကြီး၊ လက်နက်ငယ်သံ အဆက်မပြတ်ကြားရတယ်”ဟု ဆီဆိုင် မြို့ ဒေသခံတစ်ဦးက ပြောသည်။
Khun San Aung အကောင့်တွင်လည်း စစ်ကောင်စီ ဗုံးလာကြဲမည်ကို ကြောက်ကြပြီး ဒေသခံများ ထွက်ပြေးသည်ကို ရွာထဲ ပြန်လာရန်အတွက်အခြေအနေငြိမ်နေသည့် အကြောင်းကို ပအိုဝ်းဘာသာစာဖြင့်ယခုလို ဝါဒဖြန့် ပြောဆို လိမ်လည်ထားပါသည်။
“ဝါဒဖြန့်တဲ့ဟာကို သူသူငါငါဝိုင်းရှယ် ကြတော့၊ရွာသားတွေကြောက်ကြ၊ တချို့ဆိုခြံထဲတောထဲ တိမ်းရှောင်သွားတာတွေရှိတယ်။သတိဝီရိယကြီးစွာနဲ့ မျက်စိဖွင့်နားစွင့်ပြီးနေစေချင်တယ်။သူတို့ရဲ့ရည်ရွယ်ချက်က ညဘက်မှာဝါဒတွေလိုက်ဖြန့်ပြီး မကောင်းတဲ့လူတွေက အိမ်ထဲပစ္စည်းတွေဝင်ခိုး ဝင်ယူကြလိမ့်မယ်။”ဟု တင်ပြီး ဒေသခံများစွာ မိမိအိုးအိမ် စိုးရိမ်ကြ ပြန်လာကြပြီး နောက်တိုက်ပွဲ ပြင်းထန် ခဲ့ ကြောင်း သိရသည်။
သတင်းအမှားအများစု တင်သော Facebook စာမျက်နှာများသည် Khun San Aung၊ ခွန်ဆူမိုအပြင်Democracy၊ PA-O PAY၊ SAN AUNG၊ နန်းဉမ္မာစသည့် page တွင်တွေ့ နေရသည်။
” သူတို့အနေနဲ့ ဒီလို ကိစ္စရပ်တွေဖြစ်နေပြီ ပြည်သူတွေလည်းဒုက္ခရောက်နေတဲ့အပေါ်မှာ စစ်ကောင်စီရဲ့အကြိုက်လိုက်ပြီး မဟုတ်မမှန်သတင်းတွေမရေးဖို့တောင်းဆိုချင်တယ် ပြီတော့ သူတို့အနေနဲ့ ပြည်သူလူထုအပေါ်ကို စစ်မှန်တဲ့ စိတ်စေတနာနဲ့ သတင်းအမှန်ကိုပြောစေချင်တယ် ပိုတ်ဆံရယုံနဲ့ ပြည်သူတွေကို ဂျင်းမထည့်စေချင်ဘူး အမြင်မှန်ရ စေချင်တယ်”ဟု ပအိုဝ်းအမျိူသမီး အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ဆီဆိုင်မြို့ရဲစခန်းကို PNLA နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် လည်း မသမာသူများကပြည်သူများ ထင်ယောင် ထင်မှာ ဖြစ်ရန် pageအတု ပေါ်လာကြောင်းလည်း ယနေ့၌ PNLA ဖက်က သတိပေး ထုတ်ပြန်ထားပါသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ၂၁ ရက် နေ့တွင် လည်းအချစ်ရေးပိုင်ဆိုင်ရာစုစည်းမှာ Facebook page မှ စံဖူးရွာ တိုက်ပွဲ video ဖိုင်အတုကိုမျှဝေခဲ့ပြီး ပအိုဝ်းပြည်သူများအကြား ယင်း video အမှားကိုမျှဝေသူများပြားခဲ့ ကြောင်း သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *