ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၆၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ပအိုဝ်း ဒေသခံများအား PNA ပြည်သူ့စစ်သင်တန်းတက်ထားသူများကို ပြန်ခေါ်ပြီး ယခုဖြစ်ပွားသည့်တိုက်ပွဲအတွင်း ရှေ့တန်းတက်ခိုင်းမည်ဟု ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။
၂၀၂၂-၂၃ ခုနှစ်တွင် PNA ပြည်သူ့စစ်သည် ပအိုဝ်းဒေသရှိ ကျေးရွာများထံမှ တစ်ရွာကို လူ ၃ဦး ၅ဦးစသဖြင့် သတ်မှတ်ပြီး ရွာလုံခြုံရေးအတွက် ဟုဆိုကာ ရက်တိုစစ်သင်တန်း ပေးခဲ့သည်။
ယခု ဇန်နဝါရီ၂၅ ရက်နေ့တွင် အဆိုပါစစ်သင်တန်းကို တက်ရောက်ခဲ့သည့် ဒေသခံရွာသားများအား ပြန်လည်စုစည်းကာ လက်နက်တပ်ဆင်ပေးပြီး တိုက်ပွဲဖြစ်ပွားသည့် ဆီဆိုင်မြို့နယ်တွင် သွားရ မည်ဟု အစည်းဝေးခေါ်ပြီး ပြောဆိုခဲ့ကြောင်း သိရသည်။
“ကျေးရွာအုပ်ချုပ် ရေးမှူး၊ရွာသူကြီးမှတစ်ဆင့် အမိန့်ပေးလာပြီး ကျေးရွာအသီးသီး အစည်းဝေးခေါ်ပြီး ပြောဆိုခဲ့တယ်။”ဟု ပင်လောင်း ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ယင်းသင်တန်း တက်ရောက်သည့်အချိန်တွင် PNO မှ မဖြစ်မနေ လူတောင်းလာသဖြင့် တာဝန်အရသာ တက်ခဲ့ပြီး ယခုအခါ လူပြန်စုဆောင်းမည် ပြောလာ ခြင်းကြောင့် စစ်သင်တန်း တက်ရောက်ထားသူများ အခက်ခဲကြုံတွေ့ နေရကြောင်း ဆိုသည်။
“အရင်က ရွာလုံခြုံရေးအတွက် ပြောလို့အများစုတက်ကြတာ။ပြီးရင် ပြန်ထွက်လို့ရတယ် ပြောလို့နောက်ပိုင်းမှ ပြန်ထွက်လို့မရဘူးလို့ ပြောလာတာ။အခုလို ပြောလာတော့ သင်တန်းတက်သူ တစ်ချို့ ကြောက်လို့ ထွက်ပြေး ရှောင်ကြတယ်”ဟု ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည် ၂၀၂၃ ခုနှစ် မတ်လအတွင်း ပင်လောင်းမြို့နယ် နမ်းနိန်း၊ တောင်မဲသင်းဒေသ တိုက်ပွဲတွင်လည်း သင်တန်းတက်ပြီးသူ တစ်ချို့ကို ရှေ့တန်းပို့ခဲ့ပြီး သေဆုံးမှုများ ရှိခဲ့ကြောင်း သိရပါသည်။
“ပအိုဝ်း လူငယ်အများစုတိုင်းမှာ နိုင်ငံရေး ခံယူချက်တွေ၊ရပ်တည်ချက်တွေ ရှိကြပြီးသား အဲတာ ကြောင့် ခုလို အတင်းအဓမ္မလုပ်တာမျိုး မဖြစ်သင့်ဘူး။ ဒါဟာ အတင်းအဓမ္မစစ်သား စု ဆောင်းတယ်လို့ဘဲ မြင်ပါတယ်။” ဟု ပအိုဝ်းအမျိုးသားအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
PNO ၏ လော်ဘီ နန်းဉမ္မာ အကောင့်တွင်လည်း””စန္တာပြည်(ပင်လောင်းမြို့နယ်)ဆရာတကာများ အ ရေးကြီးချိန် ရောက်ရှိပါပြီ။ရွာတွင်းရှိ လူငယ်များကိုခေါ်ကာ လက်နက်ကိုင်ပြီး ကားလမ်းဘေး ၊တောင်ပေါ်တွေကို ကာကွယ်၍ မိစ္ဆာတွေကို တိုက်ထုတ်ရပါမယ်။ဇန်နဝါရီ၂၆ရက် ၂၀၂၄ခုနှစ်မှာ စန္တာပြည်(ပင်လောင်းမြို့နယ်)ရွာ ပေါင်း၄၅၀ လူငယ် ပေါင်း၈ သောင်းကျော် ကာကွယ်ပေး နေရာယူပေးရမယ်။ ထွက်ပြေးတဲ့သူ၊အမိန့်မနာခံတဲ့သူ အိမ်မီးရှို့ပါမယ်”ဟု ခြိမ်းခြောက်ပြောဆိုထားပါသည်။
ပင်လောင်း ဒေသသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ထိန်းချုပ်နယ်မြေဖြစ်ပြီး လှုဦးရေ တစ်သိန်းရှစ်သောင်း နေထိုင်ကာ ပအိုဝ်းအများစု နေထိုင်ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *