ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၅၊၂၀၂၄
ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တောင်ကြီးမြို့သို့ အရေးပေါ် တိမ်းရှောင်လာရသည့် စစ်ရှောင်များအတွက် လိုအပ်နေသည်များကို ဝိုင်းဝန်းကူညီပေးရန် ဆီဆိုင်ဒေသခံများမှ တောင်းဆိုပြောကြားလာသည်။
ဆီဆိုင်မြို့နယ်တွင် ဇန်နဝါရီလ ၂၄ ရက် ညနေ ၅ နာရီမှ စတင်ပြီး စစ်ကောင်စီ၊ PNOပြည်သူ့စစ် ပူးပေါင်းတပ်နှင့် PNLA၊ KNDF၊ SSPP၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆီဆိုင်ဒေသခံများနှင့်အတူ ကရင်နီစစ်ရှောင်များပါ တိမ်းရှောင်ထွက်ပြေးနေရသည်။
“အခု တိုက်ပွဲက ရုတ်တရက်ဖြစ်လာတော့ အရေးပေါ်ရှောင်ရတာ ကျနော်တို့က တောင်ကြီးမှာ အမျိုးအိမ်ရှိလို့ နေစရာ အဆင်ပြေပေမယ့် အမျိုးမရှိလို့ ဘုန်းကြီးကျောင်းသွားတဲ့သူတွေ၊ နေစရာရှာနေတဲ့သူတွေ အများကြီးပဲ၊ အဓိက နေစရာနဲ့ စားနပ်ရိက္ခာကို ဝိုင်းကူညီပေးကြပါပေါ့နော်” ဟု တောင်ကြီးမြို့ရောက် ဆီဆိုင်​ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဆီဆိုင်ဒေသမှ တိမ်းရှောင်လာရသူများအတွက် ဆေးဝါးနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများလည်း လိုအပ်ကြောင်း ၎င်းမှ ဆက်လက်ပြောသည်။
ဆီဆိုင်မြို့တွင် တိုက်ပွဲများ ပြင်းထန်လာနိုက်ပြီး စစ်ကောင်စီကလေကြောင်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာသို့နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသလို ဆီဆိုင်မြို့တွင်း ပိတ်မိနေသူများလည်းရှိသည်။
လက်ရှိအချိန်တွင် ဆီဆိုင်မြို့မှ ဒေသခံအများအပြား တောင်ကြီးသို့ အများဆုံး တိမ်းရှောင်လာကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *