ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၆၊၂၀၂၄
တိုက်ပွဲကြောင့် ဟိုပုံးမြို့နှင့် မဲနယ်တောင်ဒေသရှိ စာသင်ကျောင်းများအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နှင့် မဲနယ်တောင်ဒေသရှိ စာသင်ကျောင်းများအားလုံးကို ဆီဆိုတိုက်ပွဲအခြေအနေအရ ဇန်နဝါရီလ ၂၅ ရက်နေ့မှ စပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း ဟိုပုံးဒေသခံတစ်ဦးထံမှ သိရသည်။
ဟိုပုံးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း ဟိုပုံး-ဆီဆိုင်ကြား ဒေသများတွင် PNLA၊ မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လုံခြုံရေးအရ စာသင်ကျောင်းများ ပိတ်ထားရကြောင်း ဆိုသည်။
“အခုက ဆီဆိုင်မှာ တိုက်ပွဲပြင်းထန်နေတော့ ဟိုပုံးလည်း ဖြစ်လာနိုင်တယ်ဆိုပြီး ပိတ်ထားတာ၊ အခြေအနေ မကောင်းမချင်း မဖွင့်သေးဘူးပေါ့၊ ဟိုပုံးမြို့ပေါ်တွေက အကန့်အသတ်မရှိ ပိတ်ထားပေမယ့် တချို့ရွာဘက်တွေတော့ ၄ ရက်ပဲပိတ်တယ်ကြားတယ်” ဟု ဟိုပုံးဒေသခံတစ်ဦးက ပြောသည်။
ဟိုပုံးမြို့နယ်အတွင်း တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး တိုက်ပွဲဖြစ်လာလျှင်လည်း တိမ်းရှောင်နိုင်ရန် စီစဥ်နေကြကြောင်း သိရှိရသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ဆီဆိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများကိုလည်း ပိတ်ထားပြီး စစ်ကောင်စီမှ လေကြောင်းဖြင့် အဆက်မပြတ် တိုက်ခိုက်မှုကြောင့် ဒေသခံများသည် ဟိုပုံးနှင့် တောင်ကြီးဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Leave a Reply

Your email address will not be published. Required fields are marked *