ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၆၊ ၂၀၂၄
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA)မှ မဟာမိတ်တပ်ဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှု သဘောတူ အချက်များကို ဆောင်ရွက်ခွင့်ပေးလိုက်သည်ဟု ဇန်နဝါရီ ၂၆ ရက်နေ့ Page အတုကသတင်းမှား ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်တွင် PNLO/ PNLA၏ ရည်ရွယ် ချက်ဖြစ်သည့် ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့အတွင်း လူဆိုး၊သူခိုးများကို တိုက်ထုတ်ရန် မဟာမိတ်များအဖွဲ့များနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ရက် နေ့လည်၁၂နာရီတွင် ပအိုဝ်းအမျိုးသားအလံကို လွှင့်ထူနိုင်ခဲ့သဖြင့် ကရင်နီစစ်ဘေးရှောင် အိမ်ထောင်စု (၄၅၂)စုကို တဘက်ကျေးရွာ၊ ကုန်ဆွတ်ကျေးရွာနှင့် ပင်စုံကျေးရွာအတွင်းရှိ လူမနေတော့သည်အိမ်များကို အပိုင်ပေးအပ်လိုက်ပြီဟု PNLA page အတုက ထုတ်ပြန်ထားသည်။
“အဲ့ဒီစာတွေက အတုတွေပါ၊ မသမာသူရန်သူတွေက သွေးခွဲတဲ့စာတွေပါ၊ မျိုးနွယ်စုချင်းတူတဲ့ ကျွန်တော်တို့နဲ့ ကရင်နီတွေကို သွေးခွဲပေးတာလို့ပဲ မြင်တယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ပြောကြားသည်။
ဆက်လက်ပြီး ၎င်းမှပင် “အဲ့ဒီလိုလုပ်တဲ့သူတွေက ကျွန်တော်တို့ ပအိုဝ်းဒေသ တည်ငြိမ်ရေး၊လုံခြုံရေးကို လှုပ်ရှားတဲ့အခါမှာ ပအိုဝ်းဒေသကို မတည်မငြိမ် ဖြစ်စေချင်တဲ့သူတွေ၊ ပအိုဝ်းဒေသကို ဖျက်ဆီးချင်တဲ့သူတွေက ထုတ်ပြန်ချက်အတုတွေ လုပ်ပြီးတော့ လုပ်ကြံတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ထပ်မံပြောသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်မှထုတ်ပြန်သည့် သတင်းအမှန်များကို ၎င်းတို့၏ တရားဝင်ပေ့ချ် PNLA News & Information Departmentတွင် သွားရောက်ကြည့်ရှူနိုင်ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူမှ ဆက်လက်ပြောကြားထားသည်။
ထိုသို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် အယောင်ဆောင် ပေ့ချ်များမှ လုပ်ကြံထုတ်ပြန်မှုများ မကြာခဏ ရှိနေ၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA )၏ လုံခြုံရေးဆိုင်ရှာ လှုပ်ရှားမှုများကို PNLO Info နှင့် PNLA News & Information Department မှသာ ထုတ်ပြန်အသိပေးမည်ဖြစ်ကြောင်းပြောဆိုထား သည်။