ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၈၊ ၂၀၂၄
စစ်ကောင်စီက လေယာဥ်ဖြင့်နေ့စဥ်တိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့အနီးရှိကျေးရွာသို့ စစ်ရှောင်သွားသည့် ပြည်သူများမလုံခြုံတော့၍ အခြားနေရာသို့ပြောင်းရွေ့ရန် စရိတ်အခက်ခဲရှိနေကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်များသည် အခြားဒေသသို့ထပ်မံ စစ်ရှောင်ရန်အတွက် ကားခနှင့် ဓာတ်ဆီဖိုးမရှိခြင်းကြောင့်အခက်အခဲကြုံတွေ့နေရကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့ စစ်ရှောင်ကူညီသူထံမှသိရသည်။
“အချို့က ဆီဆိုင်ကနေ ရွာအနီးအနားရှောင်တာ အဲနေရာ မလုံခြုံတော့ နောက်တစ်နေရာ ထပ်ရှောင်ရတော့ ရှိတဲ့ လမ်းစရိတ်တွေလည်းမလောက်တော့ဘူး” ဟု စစ်ရှောင်ကူညီသူတစ်ဦးမှပြောသည်။
လက်ရှိ ဆီဆိုင်မြို့နယ်မှ စစ်ရှောင်များသည် တောထဲ တိမ်းရှောင်သူများရှိသလို ဆီဆိုင်နယ်ရှိ နောင်လိရွာ၊ နောင်ဟုဲင်းရွာ၊ လွယ်ထွယ်ရွာ၊ ခိုဖွန်းရွာ၊ ကုန်းဆွတ်ရွာ၊ မိုင်းတီးရွာ တို့မှ ကက္ကူဘုရား၊ ကုန်လမ်း၊ ညိုးမှူး၊ ကျောက်တလုံးကြီးဘက်တို့ အများစု တမ်းရှောင်ကြကြောင်းသိရသည်။
“အချို့ကူညီပေးတဲ့ ကားဆရာတွေဆို ခေါက်တုန့် ခေါက်ပြန် ကြိုပေးတော့ ဓာတ်ဆီဖိုး မတတ်နိုင်တော့ဘူး။ အခုဓာတ်ဆီ ၁ ဂါလံကို ၃ သောင်းခွဲပေးရတယ်။” ဟု ၄င်းမှဆက်ပြောသည်။
လက်ရှိတွေ ဆီဆိုင်မြို့အပါအဝင် အနီးအနားကျေးရွာတို့မှ စစ်ရှောင်သူ ၁ ထောင်ကျော်နီးပါးရှိကြောင်း စစ်ရှောင်ကူညီသူမှပြောသည်။
ဆီဆိုင်မြို့ ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးကို PNLA မဟာမိတ်တပ်ဖွဲ့တို့ ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီက လက်နက်ကြီးနှင် လေယာဥ် ဗုံးကြဲတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်နေကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *