ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၆၊၂၀၂၄
ဆီဆိုင်မြို့နယ် ဆိုင်ခေါင်ဒေသအတွင်း ကျန်ရစ်နေသေးသည့် ပြည်သူအချို့သည် စစ်ကောင်စီတပ်မှလေယာဥ်ဖြင့် လာရောက်ဗုံးကြဲမည်ကို စိုးရိမ်နေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံမှသိရသည်။
ယနေ့ဇန်နဝါရီ ၂၆ ရက်နေ့ ဆိုက်ခေါင်ဒေသ၌ စစ်ကောင်စီ၏ ကင်းထောက်လေယာဥ်နှင့် ဂျက်ဖိုက်တာလေယာဥ်များ ပျံဝဲနေပြီး လက်နက်ကြီး ပစ်ခတ်သံလည်း ကြားနေရကြောင်းသိရသည်။
“လက်နက်ကြီးသံတော့ကြားရတယ်။ ဆီဆိုင်ကိုပစ်သွားတာလားတော့မသိဘူး။ ကင်းထောက်လေယာဥ် နဲ့ ဂျက်ဖိုက်တာလေယာဥ်တွေဝဲနေတယ်။ ခုကထွက်သွားရမလားနေရမလားမသိတော့ဘူး။ အမှန်ကမထွက်သွားချင်ဘူးပေါ့။ ကြောက်လည်းကြောက်တယ်။ ညကြရင် လေယာဥ်နဲ့လာပစ်မှာကိုစိုးရိမ်ရပါတယ်”ဟု ဆိုက်ခေါင်ဒေသခံအမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
လက်ရှိဆိုက်ခေါင်ဒေသ အချို့နေရာ၌ ဖုန်း၊ အင်တာနက်လိုင်းပါပြတ်တောက်နေပြီး အဆက်အ သွယ်ကောင်းကောင်းမရပဲလိုင်းသုံးရာတွင် နေရာရွေးနေရကြောင်းဆိုသည်။
ဒေသခံအမျိုးသမီးနောက်တစ်ဦးကလည်း”တာဝါတိုက်ထိတာလား တမင်လိုင်းဖြတ်တာလားတော့မသိဘူး။ လိုင်းသုံးတာအိမ်ပေါ်တက်ပြီး မြင့်တဲ့နေရာထောင်ပြီးသုံးနေရတယ်။ လက်နက်ကြီးသံ လေယာဥ်သံလည်းကြားနေရတော့ အပြင်လည်းမထွက်ရဲဘူး။ အိမ်ထဲမှာပဲနေနရတယ်”ဟုပြောသည်။
ဆီဆိုင်မြို့ကို PNLAနှင့် ပူးပေါင်းမဟာမိတ်အဖွဲ့တို့ဝင်ရောက်သိမ်းပိုက်ပြီးနောက် ဆီဆိုင်မြို့နှင့် ကျေးရွာများကို စစ်ကောင်စီမှဂျက်ဖိုက်တာနှင့် Y12လေယာဥ်ဖြစ် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြောင့် PNLAမှ ထုတ်ပြန်ထားသည်၊၊
ထို့အပြင် စစ်ကောင်စီတပ်သည် ပေါင် ၅၀၀ ဗုံးအပါ ဗုံးအလုံးရေ ၁၀၀ ကျော်ကို ကြဲချပြီး ပြည်သူ၏ အိုးအိမ် စည်းစိမ်များထိခိုက်ပျက်စီးမှုရှိနေကြောင်းထုတ်ပြန်ချက်တွင်ပြောဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *