ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၄၊ ၂၀၂၄
ရှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စစ်မီးကူးစက်လာမည်ကို ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြ ကြောင်း ဇန်နဝါရီလ ၂၄ ရက်နေ့တွင် သိရသည်။
ဟိုပုံးမြို့နယ် စံဖူးရွာတွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် PNLAတို့ တိုက်ပွဲဖြစ်ပြီး နောက် တောင်ကြီးမြို့သို့ စစ်မီးကူးစက်လာမည်ကိုဒေသခံများက စိုးရိမ်ကြပြီဟုသိရသည်။
“တိုက်ပွဲတွေ ဖြစ်လာမှာစိုးတယ်၊ ဆွေမျိုးတွေဆိုလည်း စစ်ဖြစ်လို့ ဒီမှာပြေးလာနေကြတာ၊ ဒီမှာဖြစ်ရင်လည်း ပြေးစရာမြေ မရှိတော့ဘူးလေ” ဟု တောင်ကြီး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ရှမ်းမြောက်ဒေသများနှင့် ကရင်နီဒေသများတွင် တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေ၍ ရှမ်းတောင်ရှိ တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းဒေသများသို့ စစ်ရှောင်များစွာ ပြောင်းရွှေ့နေထိုင်ကြသူအများစုရှိသည်။
ရှမ်းတောင်တွင်လည်း တိုက်ပွဲများဖြစ်လာပါက တိမ်းရှောင်နေသူများနှင့် ဒေသခံများအတွက် တိမ်းရှောင်ခိုလှုံစရာ နယ်မြေမရှိတော့သည့်အတွက် စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။
“လေယာဥ်နဲ့ ဗုံးတွေကြဲတော့ မြေကျင်းထဲ ဝင်နေရင်တောင် လွတ်ချင်မှလွတ်မှာလေ၊ ဟိုနေ့က တိုက်ပွဲမဖြစ်ပဲ ဗုံးကြဲသွားတယ်ကြားလို့ လေယာဥ်ဖြတ်ပျံရင်ကို လန့်နေပြီ၊ ဘယ်ပြေးရမလဲ မသိပေမယ့် တခုခုဆိုတာနဲ့ ပြေးဖို့နားစွင့်နေတာ စိတ်ချလက်ချကိုမနေနိုင်တာ” ဟု၎င်းက ပြောသည်။
လက်ရှိအချိန်တွင် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ဆီဆိုင်နှင့် ဟိုပုံးမှ ဒေသခံအများအပြား တိမ်းရှောင်နေကြသလို ဆီဆိုင်မြို့မှ တပ်မိသားစုဝင်များလည်း တောင်ကြီးမြို့သို့ ပြောင်းရွှေ့နေကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တောင်ကြီးမြို့နှင့် ၁၃ မိုင်သာ ကွာဝေးသည့် ဟိုပုံးမြို့နယ် စံဖူးကျေးရွာ၌ စစ်ကောင်စီ၊ PNOပူးပေါင်းတပ်များနှင့် PNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ညတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ စစ်ကောင်စီမှ ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို နှစ်ကြိမ် လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် စစ်ရှောင်ပြည်သူ ၂ ဦး ထိခိုက်သေဆုံးခဲ့ရကြောင်းသိရ သည်။

Leave a Reply

Your email address will not be published. Required fields are marked *