ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၄၊ ၂၀၂၄
တရုတ်ပိုက်လိုင်းတစ်လျှောက် စစ်ကောင်စီ၏ဆက်လက် တိုက်ခိုက်မှုကြောင့် (၂)လအတွင်း အရပ်သား(၁၀)ဦးသေဆုံးပြီး၊ (၁၄)ဦးဒဏ်ရာရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ပြောဆိုထားပါသည်။
ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်ပိုက်လိုင်းတစ်လျှောက် တွင်ရှိသည့် နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို စသည့်မြို့နယ်များ၌ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့ အထိ အရပ်သား(၁၀)ဦးသေဆုံးခဲ့ရပြီး (၁၄)ဦးဒဏ်ရာရခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ဇန်နဝါရီလ(၂၃) ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နမ္မတူမြို့နယ်မှ အရပ်သားပြည်သူများသည် ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ခဲ့ကြောင်းဆိုထားသည်။
“အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူမှတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးပေါ့နော်၊ လျှော်ကြေးဘာညာလည်းမရှိဘူး၊ အခုချိန်မှာက မြောက်ပိုင်းညီနောင်မဟာမိတ်နဲ့ စစ်ကောင်စီက အပစ်ခတ်ရပ်ကြပြီဆိုပေမဲ့ ခုချိန်ထိ တစ်ယောက်နဲ့တစ်ယောက်အခြေနေက တည်ငြိမ်မှုမရှိဘူး၊ ပြီးတော့ ဒေသခံတွေအတွက်အသံထွက်ပေးမဲ့ သူလည်းမရှိဘူး” ဟုရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ယိင်းလျန်းဟန်ကပြောသည်။
နမ္မတူမြို့သို့ ခမရ(၃၂၄)အခြေစိုက်စစ်ကောင်စီတပ်မှ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ္မတူမြို့၊ နယ်မြေ(၃)မှ အရပ်သား(၄)ဦးသေဆုံးကာ ဗလီကျောင်းနှင့် နေအိမ်(၅)လုံးထိခိုက်ပျက်စီးခဲ့ရကြောင်းဆိုထားသည်။
ကျောက်မဲမြို့အနောက်မြောက်ဘက်ရှိ ဟူးကွတ်ကျေးရွာကိုလည်း ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်မှုပြုလုပ်သောကြောင့် အရပ်သားနေအိမ်(၁၂)လုံးထိခိုက်ပျက်စီးပြီး ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် စစ်ကောင်စီကလေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခြင်းကြောင့် အရပ်သားနေအိမ်(၁၀)လုံး ပျက်စီးခဲ့ကြောင်းဆိုထားသည်။
“အခုချိန်တော့အဲ့ဒီဒေသတွေမှာက တိုက်ပွဲတွေတော့ငြိမ်တယ်၊ ဒါပေမဲ့တစ်ချို့နယ်တွေမှာခါကျတော့ မြေမြုပ်မိုင်းတွေအများကြီးရှိတော့ ဒေသခံတွေက နေရပ်မပြန်ရဲကြသေးဘူး” ဟု၎င်းကဆက်ပြောသည်။
တရုတ်ပိုက်လိုင်းတစ်လျှောက် စစ်ကောင်စီတပ်မှ ဆက်တိုက်တိုက်ခိုက်ခြင်းများပြုလုပ်နေသောကြောင့် ဒေသခံများက ပိုက်လိုင်းပေါက်ကွဲပြီး ကြီးမားသည့်ထိခိုက်မှုဖြစ်လာနိုင်သည် ဟူသောစိုးရိမ်စိတ်များ မြင့်တက်လာစေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *