ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၄၊ ၂၀၂၄
စစ်အာဏာရှင်များကို ဆန့်ကျင်ရန်အတွက် ပြည်သူများထံ တပ်မိသားလိုက်ဖြစ်စေ၊ တပ်ရင်းလိုက်ဖြစ်စေ ဘက်ပြောင်းလာရန် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF မှ ထပ်မံတိုက်တွန်းလိုက်သည်။
ကရင်နီပြည်နယ် အတွင်းရှိ စစ်ကောင်စီလက်အောက် ခံ တပ်ရင်းဖြစ်သည့် ခြေမြန်၊ ခြေလျင်နှင့် အမြောက်တပ်ရင်းများသည် ကရင်နီပြည်နယ်အတွင်း နှစ်ရှည်လများ မှီတင်းနေထိုင်ခဲ့သည်ကို ထောက်ထားကာ ကရင်နီပြည်သူများနှင့် အတူရပ်တည်ပြီး အာဏာရှင်အားဆန့်ကျင်ရန်နှင့် တပ်ရင်းအလိုက်၊ မိသားစုများအလိုက် ကရင်နီပြည်သူ့ဘက်သို့ ဘက်ပြောင်းရန် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ KNDF မှ အထူးတိုက်တွန်း လိုက်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
ထိုအပြင် တိုက်ပွဲအတွင်း လက်နက်ချ အညံ့ခံသူများကို စစ်သုံ့ပမ်းအဖြစ် နိုင်ငံတကာဥပဒေများနှင့်အညီ ကောင်းမွန်စွာ ဖမ်းဆီးထိန်းသိမ်းထားလျက်ရှိကြောင်းသိရသည်။
“ အာဏာရှင်အား ကျောခိုင်းခြင်းဖြင့် ပြည်သူ့ အောင်ပွဲတွင် ပါဝင်နိုင်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်တွင် သာယာလှပသော ဘဝအနာဂတ်များကို မိမိတို့မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ရန်အတွက် ပြည်သူဘက်သို့ ဘက်ပြောင်းရန် အလေးအနက် တိုက်တွန်း ထုတ်
ပြန်အပ်ပါတယ်” ဟုထုတ်ပြန်ချက်တွေဖော်ပြထားသည်။
အဆိုပါ ဘက်ပြောင်းလိုသူများ ကိုလည်း ဘက်ပြောင်းရေးအစီအမံအရ ၄င်းတို့ လက်ရှိရာထူးရာခံများအတိုင်း တော်လှန်ရေး အစိုးရဘက် မှ ပြန်လည် ထမ်းဆောင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းဖော်ပြထားသည်။
တော်လှန်ရေးတပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ တပ်မိသားစုများအလိုက် ဖြစ်စေ တပ်ရင်းအလိုက် ဘက်ပြောင်းလာသူများကို လှိုက်လှဲစွာကြိုဆိုပြီး ဘက်ပြောင်းရေးအစီအမံအတိုင်း အထူးအကျိုး ခံစားခွင့်များကို စီမံဆောင်ရွက် ပေးမည်ဖြစ်ကြောင်းပြောဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *