ခမ်းသားငါဝ်း
ဇန်နဝါရီ ၂၃၊ ၂၀၂၄
ဆောင်းပြောင်းကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဖြတ်သွားဖြတ်လာပြည်သူများကို တင်းကြပ်စွာစစ်ဆေးနေပြီး ကုန်ကားများကိုလည်း ငွေတောင်းခံမှုများရှိနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ပင်လောင်းတောင်ဖက်၊ ဆောင်းပြောင်းကျေးရွာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဖြတ်သွားဖြတ်လာသည့် ဒေသခံပြည်သူများ၊ ကားဆိုင်ကယ်များနှင့် ကုန်ကားများကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး ငွေတောင်းခံနေကြောင်း ဒေသခံတစ်ဦးက ယနေ့တွင် ပြောဆိုသည်။
“ကားဆို ဂိတ်ဖြတ်ရင် အရင်ကထက် ပိုက်ဆံပိုပေးရတယ်၊ ပိုက်ဆံပေးမှ ဂိတ်ကိုဖြတ်ရတယ် တော်တော်များများက ဆောင်းပြောင်းဂိတ်ကို မဖြတ်ချင်ကြဘူး။ ဂိတ်က တအားစစ်တယ်။ ဒါပေမယ့်ဖြတ်စရာက ဆောင်းပြောင်းဂိတ်တစ်ဂိတ်ပဲရှိတော့ မတတ်နိုင်ဘူး ”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက တင်းကြပ်စွာ စစ်ဆေးနေသလို တိုက်ပွဲ ပြန်လည်ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း ၎င်းကဆက်ပြောသည်။
ဆောင်းပြောင်းဂိတ်သည် ရှမ်း- ကယားနယ်စပ် သွားလာရာတွင် ဆောင်းပြောင်းဂိတ်ကို ဖြတ်ရပြီး အဆိုပါဂိတ်အား တော်လှန်ရေးတပ်ဖွဲ့များ မကြာခန လာရောက်တိုက်ခိုက်မှု ပြုလုပ်ကြောင်း သိရသည်။