ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၄၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ယနေ့နေ့လည်ပိုင်းတွင် စစ်ကောင်စီက လေယာဥ် ဖြင့် မြို့ပေါ်ပျံဝဲပြီးခြိမ်းခြောက်နေခြင်းကြောင့် ပြည်သူများတစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။
ဆီဆိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ မြို့ကိုစွန့်ခွါပြီ အခြားမြို့နယ်သို့ရှောင်တိမ်းနေကြပြီးဖြစ်ကြောင်းသိရသည်။
“အခုတော့ ပစ်သံတွေတော့မကြားသေးဘူး။ လေယာဉ်တွေ ပျံဝဲနေတာတော့ရှိတယ်”ဟုဒေသခံတစ်ဦးက ပြောသည်။
ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွါးနိုင်သည့်အတွက် ဒေသခံလူထုများရှောင်တိမ်းနေကြသော်လည်း အချို့ရှောင်တိမ်းရန် အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။
“အတော်များများက ရှောင်နေကြပြီး မရှိတော့ဘူး။ ကျမတို့ကျတော့ ကားမရှိ ဆိုင်ကယ်မရှိတော့ ရှောင် ဖို့ကို ဒုက္ခရောက်နေတယ်။ ဘယ်လိုလုပ်ရမှန်းမသိဘူး။ စိတ်ညစ်ပါတယ်။ ” ဟု ဆီဆိုင်ဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။
ထိုသို့အခြေအနေကြောင့် လက်ရှိ မြို့ထဲရှိကုန်စုံဆိုင်၊ စျေးဆိုင်များကိုပိတ်သိမ်းကာ လမ်းပေါ်တွင်လည်း လူများ တိတ်ဆိတ်နေကြောင်းသိရသည်။
ဆီဆိုင်မြို့တွင် ယမန်နေ့ကတည်းက ဒေသခံလူထုများက တောင်ကြီးမြို့ နှင့် အခြားနီးစပ်ကျေးရွာသို့မှာ ရှောင်တိမ်းနေကြ ကြောင်းသိရသည်။
ဆီဆိုင်မြို့တွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် PNLAတို့ကြား နှစ်ဖက်အင်အားဖြည့်တင်းနေပြီး စစ်ရေးတင်းမာ မှုရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *