ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၄၊၂၀၂၄
ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်နှင့် PNLO/PNLA တို့အကြားစစ်ရေးတင်းမာနေကြောင်း ဇန်နဝါရီ ၂၄ ရက်က PNLAရှေ့တန်းသတင်းရင်းတစ်ဦးထံမှသိရသည်။
မဲနယ်တောင်ဒေသ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ယင်း၏ လက်အောက်ခံPNO ပြည်သူ့စစ်ပူးပေါင်းတပ်တို့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)တို့အကြား ဆီဆိုင်မြို့နယ်တွင် နှစ်ဘက်အင်အားဖြည့်တင်းပြီး စစ်ရေးအရတင်းမာနေကြောင်း သိရသည်။
“ဟုတ်တယ်။ စစ်ရေးအရတော့ပြောရခက်တယ်။ အချိန်မရွေးဖြစ်ပွားနိုင်တယ်။ ပုံစံကနေ့တိုင်းသတိကြီးကြီးသွားလာရတော့မယ်။ နေ့တိုင်းလုပ်သွားရတော့မယ့်ပုံရှိတယ်။ ပြောမရဘူး။ သူတို့ဘက်လည်းအင်အားဖြည့်နေတော့လေ။ အခြေနေက တင်းမာနေတယ်လို့တော့ပြောလို့ရတာပေါ့။”ဟု PNLA၏ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
နှစ်ဘက်စစ်ရေးအရတင်းမာနေသည့်အတွက်ဆီဆိုင်မြို့ခံပြည်သူများနှင့် အရပ်သားများအချို့လုံခြုံရေးအရ စိတ်ပူနေကြရပြီး အချို့ထွက်ပြေးတိမ်းရှောင်နေရပြီဖြစ်ကြောင်းသိရသည်။
စစ်ရှောင်နေသူအမျိုးသမီးတစ်ဦးက “စစ်ဖြစ်မယ်ဆိုရင်ထပ်ပြီးပြေးစရာနေရာလည်းမရှိဘူး ကိုယ့်ဒေသလည်းမဟုတ်တော့ဘယ်ကိုပြေးရမှန်းလည်းမသိဘူး ကျွန်မတို့ကစစ်ရှောင်တွေလေ အကယ်၍စစ်ဖြစ်လာခဲ့လို့တခြားနေရာပြောင်းရွှေ့ရမယ်ဆိုရင် ကားဆိုင်ကယ်တွေလည်းမရှ်ိဘူး ပြောင်းဖို့လိုအပ်တဲ့ငွေပမာဏလည်းမရှိဘူး ဘယ်အချိန်ဗုံးလာကြဲမလဲဆိုတာလည်းတွေးပြီးပူပန်နေရတယ်”ဟု ပြောသည်။
ဆီဆိုင်မြို့အခြေစိုက်နေသည့် စစ်ကောင်စီတပ်ရင်း ခမရ ၄၂၄၊ ၄၂၃တပ်တို့၏ တပ်မိသားစုများလည်း ပြီးခဲ့သည့် ၂၂ ရက်နေ့၌ တောင်ကြီးဘက်ကိုပြောင်းရွေ့နေထိုင်ခဲ့သည်။
ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာအတွင်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့ည၌လည်း တိုက်ပွဲဲဲဲဲဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီမှ လေယာဥ်ဖြင့်ဗုံးလာကြဲပြီး စစ်ရှောင်ထိခိုက်သေဆုံးရမှုနှင့် နေအိမ်မီးလောင်ပျက်စီးမှုရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *