ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၅၊ ၂၀၂၄
ဆီဆိုင်မြို့အတွင်း ဇန်နဝါရီ ၂၄ ရက်ညနေပိုင်းတွင် တိုက်ပွဲစတင်ဖြစ်ပွားပြီ မြို့တွင်း ပိတ်မိပြည်သူအများအပြားရှိနေသေးကြောင်းသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်ကောင်စီမှ တောက်လျောက်ဗုံးလာကြဲကာ လူနေအိမ်ထိခိုက် မီးလောင်မှုရှိသလို ပြည်သူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုလည်းရှိနေကြောင်းဆိုသည်။
“မနေ့ညကထဲက အခြေနေတအားဆိုးနေခဲ့တာ ဘယ်ကိုပြေးလို့ပြေးရမှန်းမသိဘူး။ ကျွန်မတို့က ထွက်လာနိုင်ပြီ သူငယ်ချင်းအချို့ကပိတ်မိနေသေးတယ် ။ ထွက်လာမရသေးဘူး”ဟုဆီဆိုင်မြို့ခံအမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
စစ်ကောင်စီတပ်ကတစ်ညလုံး လေယာဥ်ဖြင့် ဆယ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူများထိခိုက်မှုရှိနေကြောင်းသိရသည်။
ဒေသခံ အမျိုးသားတစ်ဦးက”မနေ့ည တစ်လုံးပဲ စစ်ကောင်စီဗုံးလာကြဲတာ အကြိမ်ကဆယ်ကျော်တယ်။ မြကန်သာဘက်မှာ ၂ ဦးထိခိုက်တယ်။ ပြီးတော့ အိမ်တွေမီးလောင်တာတွေရှိတယ်လို့သိရတယ်။”ဟုပြောသည်။
စစ်ရေးတင်းမာချိန်နှင့်နေခင်းပိုင်း စစ်ကောင်စီ လေယာဥ်ဖြင့်မြို့ပေါ်ပျံဝဲခြင်းကြောင့် ပြည်သူများကြောက်လန့်ပြီး နေ့ချင်း ညချင်းထွက်ပြေးတိမ်ရှောင်ကြရာ ပြည်သူအချို့ယနေ့နံနက်ထိပိတ်မိနေသူရှိသေးသည်။
တိုက်ပွဲမဖြစ်ပွားခင်၊ လေယာဥ်ဖြင့်လာရောက်ဗုံးမကြဲခင်အချိန်တွင် ဆီဆိုင်ရှိစစ်ကောင်စီ၏ မိသားစုများကို အကုန်လုံးကြိုတင်ထွက်ခွာခိုင်းပြီးမှ ဗုံးလာရောက်ကြဲခဲ့ကြောင်းခိုင်မာသည့်သတင်းရင်းမြစ်ကပြောသည်။
ဇန်နဝါရီ ၂၄ ရက် အစောပိုင်းသည် ဆီဆိုင်မြို့နှင့် ၃ မိုင်အကွာ လွိုင်ကော်- ဆီဆိုင်လမ်းမပေါ် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်ဂိတ်ကိုနှင့် PNLO/PNLA၊KNDF တို့တိုက်ခိုက်ပြီး မီးရှို့ဖျက်စီးခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *