ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၅၊၂၀၂၄
ဆီဆိုင်မြို့အတွင်းတိုက်ပွဲဖြစ်ပွားနေသော်လည်း ဆီဆိုင်ဆရာတော်အနေဖြင့် ဒကာများကိုထားခဲ့ပြီးအဝေးမထွက်သွားကြောင်း၊ ဆရာဒကာများဖြစ်ကြသည့်အတွက် အေးအတူ ပူအမျှရှိနေမည်ဖြစ်ကြောင်းနှင့် လက်ရှိသည်ဆရာတော်လုံခြုံသောနေရာ၌ သီတင်းသုံးနေပါကြောင်း ဆီဆိုင်ကျောင်းတိုက် ဥုးဇင်း ဥုးသုဝဏ္ဏထံမှသိရသည်။
ဆီဆိုင်မြို့သည် လက်ရှိမှာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ခြေရှိသည့်အတွက် ယနေ့နံနက်တွင် ဆီဆိုင်ဆရာတော်သည် လုံခြုံသောအနီးနားတစ်နေရာသို့သီတင်းသုံးနေပြီဖြစ်ပြီး ရဟန်းသံဃာများလည်းလုံခြုံသည့်နေရာတွင် ရှိနေပြီဖြစ်ကြောင်းခမ်းသားငေါဝ်းကို မိန့်ဆိုသည်။
“ဆရာတော်က ဘုန်းဘုန်းတို့ ဆရာဒကာတွေဖြစ်ကြပြီပဲတဲ့၊ ဘုန်းဘုန်းတို့သံဃာဖြစ်နေပါစေ ဒကာတွေထားခဲ့ပြီး အဝေးမကြွသွားဘူးတဲ့၊ ဘုန်းဘုန်းဆရာဒကာ အေးအတူတူ ပူအမျှပဲ အပြန်အလှန်ဆွေးနွေးတိုင်ပင်လို့ရအောင် အဝေးမကြွဘူးတဲ့ ဆရာတော်ကမိန့်ကြားတယ်။”ဟု ဥုးဇင်းဥုးသုဝဏ္ဏက ခမ်းသားငေါဝ်းကိုမိန့်ကြား သည်။
လက်ရှိယနေ့အခြေနေကိုစောင့်ကြည့်နေရ ပြီးဆရာတော်အတွက် အနီးနားပတ်ဝန်းကျင်လုံခြုံသောနေရာတစ်ခုကို စီစဥ်ပေးပြီးဖြစ်ကြောင်းမိန့်ဆိုသည်။
ဆီဆိုင်မြို့တွင် စစ်ရေးအရ ပြင်းထန်နိုင်ခြေရှိ နေပြီးရဟန်းသံဃာများ သီတင်းသုံးနေထိုင်သော စာသင်တိုက်များ ဘုန်းကြီးကျောင်းများကို လေယာဥ်ဖြင့်ဗုံးကြဲခံရမည်ကိုစိုးရိမ်နေရသည့်အတွက် ပြောင်းရွေ့နေထိုင်ခဲ့ကြရသည်။
ဆီဆိုင်မြို့သည် ယမန်နေ့ ၂၄ ရက်နေ့ည၌ စစ်ကောင်စီတပ်ဘက်မှ လေယာဥ်ဖြင့် တစ်ညလုံးနီးပါးလာရောက်ဗုံးကြဲပြီး လူနေအိမ်များမီးလောင်ပျက်စီးမှုနှင့် အရပ်သားထိခိုက်မှုရှိခဲ့သည်။
လက်ရှိသည် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် PNLA၊ KNDF၊ PDFနှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *