ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၃၊၂၀၂၄
ကုန်စျေးနှုန်းများ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာပြီး ပြန်လည်ရောင်းချသည့်အိမ်ဆိုင်များတွင်လည်း ဝယ်သူနည်းပါးလာသဖြင့် တစ်ပိုင်တစ်နိုင် စီးပွါးဖြစ်ကိုယ်ပိုင်ဆိုင်များ ရပ်တန့်လာရကြောင်း ဆိုင်ပိတ်လိုက်ရသူတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ တစ်ပိုင်တစ်နိုင်စီးပွါးဖြစ် အိမ်ဆိုင်များ၊ ဆိုင်ခန်းများ၊ အကင်ဆိုင်များနှင့် အကြော်ဆိုအချို့သည် ပြည်သူများ ဝင်ငွေကြပ်တည်းလာသည်နှင့်အမျှ ဝယ်ယူစားသုံးသူများနည်းပါးလာသဖြင့် အရင်းအနှီးပြုတ်ပြီး ဆိုင်များပိတ်သိမ်းလိုက်ရကြောင်း ဆိုင်ပိတ်လိုက်ရသူ အမျိုးသမီးတစ်ဦးက ယနေ့တွင် ပြောဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ငွေကြေးတန်ဖိုးကျဆင်းလာပြီး နိုင်ငံအနှံတွင် တိုက်ပွဲဖြစ်ပွာမှုများကြောင့် ကုန်စည် စီးဆင်းမှုထိခိုက်လာကာ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့ရသည်။
“အခု ကုန်စျေးနှုန်းတွေ တရက်ထက်တရက် ပိုတက်လာတယ်၊ ဒီနေ့ ရောင်းစျေးက နောက်နေ့ ဝယ်စျေး ဖြစ်နေတော့ ဘယ်လိုမှ မကိုက်တော့ဘူး၊ စျေးတက်လိုက်ရင်လည်း လာဝယ်တဲ့သူ အရမ်းနည်းသွားတယ် အခုချိန် အကုန်လုံး စားဝတ်နေရေးခက်ခဲနေရတယ် “ဟု ဆိုင်ပိတ်ထားရသူ အမျိုးသမီးတစ်ဦးမှ ပြောသည်။
ယခုအချိန်တွင် ဝင်ငွေ၊ ထွက်ငွေ မမျှတမှုကြောင့် သာမန်လူတန်းစား ပြည်သူများ အစစအရာရာ ချွေတာနေရပြီး စျေးဆိုင်ရောင်းသူများလည်း ဆိုင်ခန်းများ ပိတ်သိမ်းလာကြရကာ တနေ့လုပ်တနေ့စား အခြေခံပြည်သူများ စားဝတ်နေရေးအတွက် အကြပ်အတည်း အခက်အခဲ ကြုံ‌တွေ့လာရသည်။
ဆိုင်ပိိတ်သိမ်းလိုက်ရသည့် ဆိုင်ရှင်အမျိုးသားတစ်ဦးကလည်း “အခု ညနေဘက် မုန့်ရောင်းတာ ရပ်လိုက်ရပြီ၊ ထည့်ရတဲ့ ပါဝင်ပစ္စည်းတိုင်းက စျေးတက်လာပြီး ဝယ်သူလည်း ပုံမှန်မလာဘူး၊ ဆိုင်ခန်းခလည်းရှိတော့ ကိုယ်က တောင့်ခံထားပေမယ့် အဆင်မပြေတော့လို့ တခြားအလုပ်ပဲ ပြောင်းလုပ်လိုက်တာ” ဟု ပြောသည်။
အာဏာမသိမ်းခင်ကာလထက် အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းများ နှစ်ဆသုံးဆကျောခုန်တက်လာပြီး ပြည်သူများအတွက် အလုပ်အကိုင်ရှားပါးလာခြင်းနှင့်အတူ စားဝတ်နေရေးလည်း ပိုမိုကြပ်တည်း ခက်ခဲလာကြောင်း ပြောဆိုသည်။

You missed