ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၁၊ ၂၀၂၄
တောင်ကြီးမြို့ရှိ PNLO၏ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းအပါ (၃)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ် ဆောင်ခဲ့ကြောင်း PNLO တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ နေ့လည်အချိန်က တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်ရှိ PNLO ဆက်ဆံ ရေးရုံးတွင် စရဖ က လာရောက်ဖမ်းဆီးခဲ့ပြီး ယခုအချိန်ထိ ပြန်လည်လွှတ်မြှောက်ခြင်းမရှိသေးကြောင်း သိရသည်။
“ဆက်ဆံရေးရုံးတာဝန်ခံဆိုတာ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ဖို့ ခန့်အပ်တဲ့ ငြိမ်းချမ်းရေးသံတမန်တွေဖြစ်ပြီး ဘယ်လိုအခြေအနေမှာမှ ဖမ်းဆီးခွင့်မရှိပါဘူး”ဟု ပအိုဝ်းအမျိုးသား လွှတ်မြှောက်ရေးအဖွဲ့ချုပ်PNLO တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်း၊ ဗိုလ်ကြီးခွန်သိဒ္ဓိနှင့် ဗိုလ်ခွန်လှဝင်း တို့အား ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးမြောက်ရွာအတွင်း စစ်ကောင်စီ နှင့် လက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA နှင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
တိုက်ပွဲအတွင်း ဒေသခံနေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *