ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၂၊၂၀၂၄
နေအိမ် မီးလောင်ပျက်စီးသွားသည့် ဟိုပုံးမြို့နယ် စံဖူးရွာပြည်သူများအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ ဦးဆောင်ပြီး သွားရောက်ကူညီပေးခဲ့ကြောင်းသိရသည်။
ဟိုပုံးမြို့နယ်မဲနယ်တောင်ဒေသ စံဖူးကျေးရွာအတွင်းတိုက်ပွဲကြောင့် မီးလောင်သွားသည့် လူနေအိမ်၂၇ လုံးအတွက် ဇန်နဝါရီ ၂၂ ရက်က ကွင်းဆင်းကြည့်ရှုပြီး အလှူငွေများထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
“ဟုတ်တယ်၊ ဒီနေ့ ဗိုလ်မှူးသိန်းဖေဦးဆောင်ပြီးအဖွဲ့သားတွေနဲ့တက်သွားတာ ကျွန်တော်တော့လိုက်မပါလိုက်ရဘူး”ဟု PNOမှ တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
ထို့အပြင် မဲနယ်တောင်ဒေသ တာဝန်ခံများနှင့် ရပ်မိရပ်ဖဆရာတကာများအပါ ဖြစ်ပျက်ခဲ့သည့် အခြေအနေများကိုတွေ့ဆုံဆွေးနွေးပြီး ဒေသခံများအားပေးစကားပြောခဲ့ကြောင်းဆိုသည်။
အလှူရှင်များသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ခေါင်းဆောင်ကြီး ဖြားတန်ဦးအောင်ခမ်းထီမိသားစုမှ (၁၀)သိန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီမှ သိန်း(၃၀)၊ ဖြားခွန်မောင်သောင်းမိသားစုမှ (၁၅)သိန်း၊ ပိုလ်မှူးခွန်ဝင်းရွှေမိသားစုမှ (၂)သိန်းနှင့် ပအိုဝ်းစာပေနှင့်ယာဥ်ကျေးမှုအဖွဲ့(ဗဟို) အပါ PNO၏ အဖွဲ့သားများမှ သွားရောက်ကြည့်ရှုပြီး ကူညီပံ့ပိုးငွေများကို ရွာသူကြီးထံပေးအပ်ခဲ့ကြောင်းသိရသည်။
ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ စံဖူးကျေးရွာတွင် ဇန်နဝါရီ ၂၁ ရက်နေ့မှာ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)တို့အကြား တစ်နာရီဝန်းကျင်ကြာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းသိရသည်။
ပုံ credit – khun thein pe fb

Leave a Reply

Your email address will not be published. Required fields are marked *