ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၂၊ ၂၀၂၄
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပေါင်းတည်မြို့နယ်ရှိ ပြည်သူများကို စစ်သင်တန်း တက်ရောက်ပြီး ပြည်သူ့စစ်ဝင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မဲနှိုက်ရွေးချယ်နေသဖြင့် ဒေသခံများ ထိတ်လန့်ကာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။
နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စစ်ပွဲများဖြစ်လာပါက မိမိနေထိုင်ရာ မြို့ရွာကို ကာကွယ်ရန် အကြောင်း ပြချက်ဖြင့် စစ်ကောင်စီဘက်မှ စာပို့ကာပေါင်းတည်မြို့နယ်အတွင်း လူအခြေအနေပေါ် မူတည်၍ တစ်ရွာလျှင် အယောက် ၂၀ မှ ၃၀ ခန့်အထိ ဇန်နဝါရီ ၁၃ ရက်နေ့မှ စတင်ပြီး လိုက်လံ စုဆောင်းခိုင်းကြောင်း သိရှိရသည်။
“အခုလို ခက်ခဲကြပ်တည်းနေချိန်မှာ အဆင်မပြေရင်တောင် အဆင်မပြေသလိုပဲ မိသားစုနဲ့နေချင်တယ်၊ အလုံခြုံဆုံးနေရာက ကိုယ့်မိသားစုရှိတဲ့ နေရာ ဆိုပေမယ့် အခု အိမ်မှာ မနေရဲတော့ဘူး၊ တခြားမြို့ဘက် ထွက်ပြေးနေတဲ့သူတွေလည်း အများကြီးရှိသလို ရွှေတောင်ဘက်မှာဆို ဖိအားပေးလွန်းလို့ ဆူဆိုက်(သတ်သေ)သွားတဲ့ လူတွေရှိတယ်လို့ ပြောတယ်” ဟု မဲပေါက်သူ အမျိုးသားတစ်ဦးမှ ခမ်းသားငေါဝ်းကို ပြောသည်။
စစ်သင်တန်း တက်ရောက်ရန် ရွေးချယ်ခံရသူများကိုစစ်ကောင်စီမှ ထောက်ပံ့ကြေးမပေးပဲ ကုန်ကျမည့် နေစရိတ်၊ စားစရိတ်များအတွက် ကျေးရွာမှ စုပေါင်းပေးရမည် ဖြစ်ပြီး သင်တန်းတက်ရောက်ရန် ငြင်းဆိုပါက တစ်ယောက်လျှင် သိန်း၂၀ မှ ၃၀အထိ လျော်ကြေးပေးဆောင်ရမည် ဟု ဆိုသည်။
အစိုးရဝန်ထမ်းများနှင့် တပ်ထောက်ခံသူများကို ချန်လှပ်ထားပြီး မဲနှိုက်ရွေးချယ်မှုကြောင့် ရပ်ရွာဆူပူလာသဖြင့် ပြည်သူ့စစ်ဝင်ရန် မဲနှိုက်မှုကို ခေတ္တရပ်ဆိုင်းထားပြီး ပေးပို့ထားသည့် အမိန့်စာများကိုပါ ပြန်လည် သိမ်းယူသွားကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် လူစုမပေးနိုင်သည့် ပဲခူးတိုင်း အနောက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခြင်း၊ မောင်းထုတ်ခြင်းများ ပြုလုပ်နေကြောင်း ထပ်မံသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed