ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၀၊၂၀၂၄
ကော်သူးလေအုပ်ချုပ်နယ်မြေ (၂၀၂၃)ခုနှစ်အတွင်း စစ်ကောင်စီတပ်မှ လူ့အခွင့်အရေးချိုးဖောက်သည့် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ(၂၀၀)ဦးနီးပါးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၆၀၀)ဦးကျော်ရှိခဲ့ကြောင့် (KNU)ထုတ်ပြန်ချက်အရ သိရသည်။
ကရင်ပြည်နယ် ကော်သူးလေအုပ်ချုပ်နယ်မြေ (၂၀၂၃)ခုနှစ်အတွင်း စစ်ကောင်စီတပ်မှ လူ့အခွင့်ရေးချိုးဖောက်မှုများကြောင့် အရပ်သားပြည်သူများ(၁၉၅)ဦးသေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရသူ(၆၆၁)ဦးနှင့် အကြောင်းမဲ့ဖမ်းဆီးခံရသူ (၁၉၇)ဦးအထိရှိခဲ့ကြောင်း ကရင်နီအမျိုးသားအစည်းအရုံး(KNU)က ဇန်နဝါရီလ(၁၈)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
စစ်ကောင်စီသည် (၂၀၂၃)တစ်နှစ်အတွင်း ကော်သူလေးအုပ်ချုပ်နယ်မြေ၌ လူ့အခွင့်အရေးချိုးဖောက်မှု (၁၈)မျိုးရှိပြီး အကြိမ်ရေ (၃၁၂၅)ကြိမ်ထက်မနည်း ချိုးဖောက်မှုကျူးလွန်ခဲ့ကြောင်း ဆိုထားပါသည်။
တစ်နှစ်အတွင်း ဘုရားကျောင်း(၁၈)ကျောင်း၊ ဘုန်းကြီးကျောင်း(၂၅)ကျောင်း၊ ဗလီကျောင်း(၁)ကျောင်း၊ စာသင်ကျောင်း(၁၆)ကျောင်း၊ ဆေးပေးခန်း(၂)လုံး၊ ဆေးရုံ(၅)လုံး၊ ပြည်သူပိုင်အဆောက်အဦး(၉၁)လုံး၊ စိုက်ပျိုးခြံ(၁၁)ခြံနှင့် နေအိမ်(၁၈၆၉)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ဖော်ပြထားပါသည်။
အချက်အလက်အရ (၂၀၂၃)ခုနှစ်အတွင်း ထိခိုက်ပျက်စီးမှုများသည် စစ်ကောင်စီအာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ထိခိုက်ပျက်စီးမှုများထက် ပိုမြင့်တက်လာကြောင်း ဆိုထားသည်။
စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(K.N.D.O) တို့နှင့် (၂၀၂၃)ခုနှစ်အတွင်း တိုက်ပွဲကြီးငယ်(၄၆၂၃)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်သား (၅၀၀၅)ဦးသေဆုံးပြီး၊ (၃၃၄၅)ဦးဒဏ်ရာရကာ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(K.N.D.O)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှလည်း (၁၅၄)ဦးသေဆုံးပြီး၊ (၅၉၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုထားသည်။
စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများသည် တစ်နေ့တစ်ခြားတိုးမြှင့်လုပ်ဆောင်လာသောကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နေရပ်စွန့်ခွါထွက်ပြေးရသူ (၇၅၁၆၆၉)ဦးအထိ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *