ခမ်းသားငါဝ်း
ဇန်နဝါရီ ၁၈၊၂၀၂၄
စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်း အမျိုးမျိုးမြင့်တက်လာမှုကြောင့် စိုက်ပျိုးရေးလုပ်ကိုင်သည့်တောင်သူများသည် စားဝတ်နေရေးအတွက် အခက်အခဲ အကြပ်အတည်း ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်‌နယ်တောင်ပိုင်း၊ ပင်လောင်းဒေသရှိ
လက်ဖက်နှင့် ငရုတ်သီး စိုက်ပျိုးရေးကို မှီခိုပြီး စားဝတ်နေရေး ရပ်တည်လာရသည့်တောင်သူများသည် ကုန်စျေးနှုန်းများ တနေ့ထက်တနေ့အဆမတန်မြင့်တက်လာခြင်းကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။
“ငရုတ်ကတော့ အရင်နှစ်တွေထက် စျေးပိုရတယ်ပြောလို့ရတယ် ဒါပေမယ့်ဆန်တွေကလည်း အရမ်းစျေးတက်တယ် ဆန်တစ်အိတ်ဆိုရင် တစ်သိန်း နှင့် တစ်သိန်းအထက်တောင် ရှိ‌နေပြီ။ စားသောက်ဖို့အတွက် ဘယ်လိုမှ မလောက်ဘူးပေါ့နော။ မလောက်တော့ အရမ်းခက်ခဲတယ်။” ဟု ငရုတ်သီးစိုက် တောင်သူက ပြောသည်။
ယခုနှစ် ငရုတ်သီးစိုက်ရာတွင် အသုံးပြုသည့်မြေသြဇာများသည်လည်း နှစ်ဆ ဈေးမြှင့်တက်သဖြင့် စိုက်ပျိုးစရိတ်လည်း မြင့်မားခဲ့ကြောင်း သူက ဆက်ပြောသည်။
ယခုနှစ်သည် ရာသီဥတုဖောက်ပြန်ပြီး မိုးများသဖြင့် ငရုတ်ပင်များ၊ ငရုတ်သီးအပွင့်များ ပျက်စီးခဲ့ရ ကြောင်း ဆိုသည်။
လက်ဖက်တောင်သူတစ်ဦးကလည်း” ဒီနှစ်လက်ဖက်ဈေးက အရင်နှစ်‌တွေထက် စျေးပိုရှိတယ်။ ဒါပေမယ့် သူတစ်ခုတည်းဆိုရင်တော့ အဆင်မပြေနိုင် ပါဘူး။ ကုန်‌ဈေးနှုန်းက ဈေးတအားတက်တော့လေ။ လက်ဖက်တစ်ပိဿာ ဈေးက ဆီတစ် ပိဿာ ဈေးတောင်မရဘူး” ဟု ပြောသည်။
ပင်လောင်းမြို့နယ်ရှိ ကျေးရွာအများစုသည် လက်ဖက် နှင့်ငရုတ်သီးကို အဓိကစိုက်ပျိုးကြပြီး ယခင်နှစ်များထက် စျေးကောင်းရရှိနေသော်လည်း ဆန်၊ ဆီနှင့် အခြားကုန်‌ဈေးနှုန်းများ စျေးမြင့်တက်နေသဖြင့် တောင်သူများ စားဝတ်နေရေးအတွက် မဖူလုံသလို အရင်းပင် မကာမိကြောင်းဆိုသည်။
ပင်လောင်းဒေသသည် လက်ဖက်ကို အများဆုံး စိုက်ပျိုးကြပြီး စားဝတ်နေရေးအတွက် လက်ဖက်နှင့် ငရုတ်သီးကို အဓိကမှီခိုနေကြရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *