ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၀၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြောင်းစိုက်တောင်သူများသည် ပြောင်းစျေးကောင်းမရပဲ ဈေးကျသထက်ကျလာသဖြင့် တောင်သူများ အခက်အခဲ ကြုံတွေ့လာရကြောင်း ပြောင်းစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။
ယခင်နှစ်များတွင် ပြောင်းစျေး တစ်ပိသာလျှင် တစ်ထောင်ကျော်အထိ စျေးရပြီး ယခုနှစ်တွင် ၉၀၀ ဝန်းကျင်သာရရှိသဖြင့် ကုန်ကျထားသည့်အရင်းအနှီးများနှင့်ပင် တွက်ချေမကိုက်ကြောင်း ပြောင်းစိုက်တောင်သူက ပြောဆိုသည်။
ပြောင်းစျေးကျခြင်းကြောင့် အမြတ်မရပဲ အရင်း‌ ကျေရုံမျှ ပြန်ရသည့် တောင်သူများရှိသလို ရင်းထားသည့် မြေသြဇာ၊ ကြက်ချေး၊ လုပ်အားခဖိုး အရင်းအနှီးများ ရှုံးဆုံးရသူများလည်းရှိကြောင်း ဆိုသည်။
“ပြောင်းစျေးနည်းတော့ ပြောင်းစိုက်ဖို့ ချေးထားတဲ့ အကြွေးက မကျေဘူး၊ အကြွေးပြန်ကျေဖို့ နောက်နှစ်ပြောင်းစိုက်ရမှာ၊ အမြတ်မရှိတော့ ပြောင်းပြန်စိုက်ဖို့ ခက်ပြီး ပိုက်ဆံထပ်ရှာချေးရမယ်၊ အခုက လုပ်အားခတောင် မကျန်ဘူး” ဟု ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။
ပြောင်းစိုက်သူများပြီး ဝယ်သူနည်း၍ ပြောင်းစျေးကျရခြင်း မဟုတ်ပဲ၊ ပြောင်း ပိုးကျခြင်း၊ ပြောင်းအထွက်နည်းခြင်း၊ ပြောင်းမျိုးအတုများနှင့် ကြုံရခြင်းနှင့် ကုန်စည်စီးဆင်းမှု အားနည်းခြင်းကြောင့် ပြောင်းစျေးကျရခြင်းဖြစ်လာရသည် ဟု သူက ဆက်ပြောသည်။
ထို့အပြင် ယခင်နှစ်များတွင် လုပ်အားခ လူတစ်ယောက်လျှင် ၄၀၀၀၊ ၅၀၀၀ ကျပ်ခန့်ရှိသော်လည်း ယခုနှစ်တွင် ၁၀၀၀၀ နှင့် ၁၀၀၀၀ အထက်ပေးနေရပြီး အမျိုးသားများကို ၂၀၀၀၀ ကျပ် အထိပေးရကြောင်း သိရသည်။
ပြောင်းစျေးများ ဆက်တိုက်ကျနေပါက ပြောင်းစိုက်တောင်သူများ ပိုမိုခက်ခဲလာနိုင်၍ ပြောင်းစိုက်တောင်သူအများစုအနေဖြင့် ပြောင်းစျေးပြန်‌တက်လာမည်ကို မျှော်လင့်နေကြကြောင်း ပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed