ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၉၊၂၀၂၄
တောင်ကြီးမြို့နယ် ပေါမူကျေးရွာအုပ်စုတွင် ပအိုဝ်းပြည်သူ့စစ်(PNA)အဖွဲ့မှ ရွာသားများကို တပ်သားစုဆောင်းခြင်းများ ပြုလုပ်နေကြောင်း စုံစမ်းသိရပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် မြောက်ဘက်ခြမ်း ပေါမူကျေးရွာအုပ်စုတွင် ပအိုဝ်းပြည်သူ့စစ်(PNO)မှ ရွာသားများအား ကျေးရွာအတွက် လုံခြုံရေးဟုဆိုကာ တပ်သားစုဆောင်းခြင်းများပြုလုပ်နေကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။
“ပေါမူဘက်မှာ ကျေးရွာအုပ်စုတစ်စုကို အယောက်(၃၀)ပေါ့နော၊ ပြီးရင်ရွာတစ်ရွာကို ငွေ(၄)သိန်းအဲ့လိုမျိုးပေးရတယ် ပေါ့နော်၊ အဲ့တာကတော့သူတို့က ပြီးခဲ့တဲ့တစ်ပတ်လောက်ကမှ လူစုတာ၊ PNA လက်အောက်ခံလူကြီးတွေကနေစပြီးစုကြတာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ပြောသည်။
ကျေးရွာအုပ်စုတစ်စုကို လူအယောက်(၃၀)ထည့်ပေးရပြီး၊ အဲ့အတွက်စားနပ်ရိက္ခာဟုဆိုကာ ကျေးရွာတစ်ရွာကို ငွေ(၄)သိန်းကျပ် ပေးဆောင်ရကြောင်း ဆိုသည်။
“တစ်ချို့ သွားချင်တဲ့ရွာသားတွေလည်းရှိတယ်၊ တစ်ချိုဆိုရင် အဆင်မပြေဘူးပေါ့နော် အခက်အခဲဖြစ်တယ်ဆိုတဲ့ ရွာသူရွာသားတွေလည်းရှိတာပေါ့”ဟု ၎င်းကဆက်ပြောသည်။
အဆိုပါ ပေါမူကျေးရွာအုပ်စုတွင် ပအိုဝ်းပြည်သူ့စစ် အဖွဲ့အနေ့ဖြင့် ပြည်သူ့စစ်ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး PNA တာဝန်ရှိသူကို ခမ်းသားငေါဝ်းမှ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေကြားပေးခြင်းမရှိခဲ့ပေ။
နိုင်ငံတစ်ဝန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သည် အရှုံးနှင့် ရင်ဆိုင်လာရပြီးနောက် ပဲခူးတိုင်း မြို့နယ်အချို့တွင်လည်း စစ်ကောင်စီလက်အောက်ခံက ပြည်သူ့စစ်အတင်းခေါ်ယူစုဆောင်းမှုများရှိနေကြောင်း သိရသည်။
စစ်ကောင်စီတပ် ပြည်သူ့စစ်ဖွဲ့စည်းနေခြင်းနှင့် ပတ်သက်ပြီး တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲက ” ပြည်သူ့စစ်ဖွဲ့စည်းရန် ပြည်သူများအား နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ဖိအားပေး နေသူအားလုံးကို ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ပြီး ၎င်းတို့၏လုပ်ရပ်များကိုလည်း ရပ်တန့်က ရပ်တန့်ရန် ” ဟု သတိပေးထားထုတ်ပြန်ထားပါသည်။
မိဘပြည်သူများအနေဖြင့် ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မဆုဆောင်းနေခြင်းကို နည်းလမ်းမျိုးစုံဖြင့် တတ်နိုင်သမျှရှောင်ကြဥ်ရန်၊ စစ်ကောင်‌စီတပ်ဖွဲ့များ၊ လက်ပါးစေများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နီးကပ်စွာနေထိုင်ခြင်းများကို အထူးသတိပြုရှောင်ရှားကြရန် တောင်ပိုင်းစစ်ဒေသ အမှတ်(၂)စစ်ဒေသခွဲက ဆိုထားသည်။
စစ်ကောင်စီတပ်သည် တပ်ဖွဲ့ဝင်အင်အားများ ပြုန်းတီးလာခြင်း၊ စိတ်ဓာတ်ရေးရာပြိုကျပျက်စီးလာခြင်းကြောင့် ပြည်သူ့စစ်အဖြစ် ပြည်သူများကို အတင်းအဓမ္မစုဆောင်းနေကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲက ယမန်နေ့ဇန်နဝါရီလ(၁၈)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *