ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၈၊၂၀၂၄
ပင်လုံမြို့ရှိ ကမ္ဘောဇဘဏ်အတွင်း ဖြစ်ပွားသည့်ဖြစ်စဥ်သည် ဓားပြတိုက်မှုမဟုတ်ပဲ ဆေးကြောင်သည့်စိတ်မမှန်သူ အမျိုးသားတစ်ဦး လာရောက်သောင်းကျန်းမှုသာဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ ကမ္ဘောဇဘဏ်အတွင်း ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် အမျိုးသားတစ်ဦးက ပိုက်ဆံလာထုတ်မည်ဟုဆိုကာ ဓားထုတ်ပြီး ဘဏ်ဝန်ထမ်းများကို ဆဲဆိုခြိမ်းခြောက်ရန်ပြုမူခဲ့‌ကြောင်း သိရသည်။
“အမှန်က အဲ့လူကစိတ်မမှန်တာ ဘဏ်မှာပိုက်ဆံရောက်တယ် လာထုတ်တာတဲ့ ဘဏ်က ကလေးက မှတ်ပုံတင်ပါမှရမယ်ပြောတော့ ပြန်သွားတယ်။ လာတာ၂ရက် ၃ရက်ရှိပြီ မနေ့ခါကျတော့ မှတ်ပုံပါလားမေးတော့ အဲ့လူကမင်းပါးစပ်ပိတ်ထားကွ၊ငါမင်းကို ဓားနဲ့ခုတ်ပစ်မယ် ဆိုတော့ နည်းနည်းရုတ်ရုတ်ဖြစ်သွားတာပါ။”ဟု အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါဖြစ်ပွားမှုတွင် လူထိခိုက်မှုမရှိသလို ပစ္စည်းတစ်စုံတစ်ရာပါသွားခြင်းမရှိခဲ့ကြောင်း၊ ဓားပြတိုက်မှု မဟုတ်ကြောင်း သူကဆက်ပြောသည်။
အခင်းဖြစ်ပွားပြီးအချိန်တွင် ဘဏ်တံခါးကိုပိတ်ပြီး ၎င်းစိတ်မမှန်သူက ဘဏ်ရှေ့တွင်ထိုင်ကာ “မည်သူလာလာမကြောက်ဘူး” ဟု အော်ပြောခဲ့ကြောင်း၊ အဆိုပါစိတ်မမှန်သူအား စစ်သားများနှင့် တာဝန်ရှိဌာနဆိုင်ရာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးကြောင်ပြီးစိတ်မမှန်သူသည် ယခင်တွင် ပအိုဝ်းပြည်သူ့စစ်(PNA)အဖွဲ့ဝင်ခဲ့ဖူးပြီး မနေ့အမှုဖြစ်ပွားပြီးနောက် ထိုသူ၏ မိဘနှင့် PNA ဘက်မှ အာမခံချက်ဖြစ်လာရောက်ထုတ်ယူခဲ့ကြောင်းစုံစမ်းသိရှိရသည်။
အမည်မဖော်သူအမျိုးသားတစ်ဦးကလည်း “အဲ့လူက မနေ့ PNA ကပဲလာထုတ်သွားတယ်။ အဲ့လူအရင်တုန်းက ဘုန်းကြီးဝတ်လိုက်၊ PNO ထဲလုပ်လိုက် အဲ့ဒါကြောင့် မနေ့က သူ့အမေအဖေရော လာပြီးအာမခံပေးတယ်။ PNA လည်းအာမခံပေးတယ်။ သူတို့နားမှာ ခဏထိန်းထားပေးမယ်ဆိုပြီးလာထုတ်သွားတာ”ဟု ပြောသည်။
အဆိုပါ ယမန်နေ့ဖြစ်ပွားမှုသည် ဓားပြတိုက်မှုမဟုတ်သည့်အတွက် ပြည်သူများအနေဖြင့် ထိပ်လန့်မှုမဖြစ်စေလိုကြောင်း၊ ရုတ်ရုတ်မဖြစ်စေချင်ကြောင်း ဆိုသည်။
ပင်လုံမြို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းနှင့် ဇန်နဝါရီလဆန်းပိုင်းအတွင်း ဓားပြတိုက်မှုဆက်ဖြစ်ပွားခဲ့ပြီးနောက် တစ်ခုခုဖြစ်ပွားလာပါက မြို့ခံများအထိပ်တလန့်ဖြစ်နေကြရ‌ကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *