ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၉၊၂၀၂၄
တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံတွင် နယ်လူနာတစ်ဦး ငွေကြေးလိမ်လည်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံတွင် သန့်ရှင်းရေးဝန်းထမ်းတစ်ဦးမှ ကျေးလက်လူနာ၏ ဘာသာစကားအာနည်းမှုနှင့် ဆေးရုံပိုင်းဆိုင်ရာနားလည်မှုအားနည်းခြင်းကို အခွင့်ကောင်းယူပြီး ငွေကြေးလိမ်လည်မှုဖြစ်ခဲ့ကြောင်း ဆေးရုံနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ယခုရက်သတ္တပတ်အတွင်းတွင် ကလေးငယ်နေမကောင်းသဖြင့် ပင်လောင်းမြို့နယ်မှ တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံသို့ပြောင်းရွှေ့ ကုသမှုခံယူသည့် အသက် ၄၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဆေးရုံတွင် ငွေလေးသိန်းကျော် လိမ်လည်ခံခဲ့ရ‌ကြောင်း ဆိုသည်။
“အဲဒီအဒေါ်ကြီးက ဗမာလိုလည်းမပြောတတ်ဘူး၊ ဆေးကိုဘယ်မှာ ဝယ်ရမှန်းလဲမသိဘူး။ အဲတာနဲ့ အဲ့အနီးနားမှာ ရှိတဲ့လူတစ်ယောက်က ဆေးသွားဝယ်ပေးမယ်ပြောပြီး ငွေလိမ်သွားတာပါ” ဟု ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဆေးရုံကြီးတွင် ဆေးများမလုံလောက်ခြင်း၊ ဆေးများမရှိခြင်းကြောင့် လူနာများအတွက် ဆေးများကို ဆေးကောင်တာ သို့မဟုတ် ပြင်ပဆေးဆိုင်များတွင် သွားရောက်ဝယ်ယူရသဖြင့် အဆိုပါသန့်ရှင်းရေးဝန်းထမ်းတစ်ဦးသည် ဆေးသွားဝယ်ပေးမည် ဟုဆိုကာ ငွေယူ၍ ထွက်သွားပြီး ဆေးလည်းမ‌ရောက်လာ လူလည်းပြန်မပေါ်လာဘဲ အလိမ်ခံရကြောင်း ဆိုသည်။
“ဗမာစကားနားမလည်တော့ ဆရာ/ဆရာမတွေ ညွန်ကြားထားတဲ့ဆေးသောက်ရမယ့်အချိန်တွေဆိုလည်း သူကမသိဘူး၊ အဲ့လိုမျိုးဆိုအရမ်းခက်တယ်လေ၊ ဒီလိုမျိုးငွေလိမ်တာတွေက ဒီဆေးရုံမှာပဲမဟုတ်ဘူး၊ စဝ်စံထွန်းဆေးရုံမှာလည်း ခဏခဏ ကြားရတယ်” ဟု ၎င်းဆက်ပြောသည်။
ဆေးရုံများတွင် နယ်မှတက်လာသည့် လူနာများအား ဘာသာစကားအခက်အခဲများနှင့် မသိနားမလည်မှုများကို အခွင့်ကောင်းယူပြီး ငွေကြေးလိမ်လည်ခြင်းကို ယခု အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံ အပြင် စစ်စံထွန်းဆေးရုံတွင်လည်း မကြာခဏ ဖြစ်ပွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *