ခမ်းသားငါဝ်း
ဇန်နဝါရီ ၁၉၊၂၀၂၄
သစ်ပင်ကောက်ရွာ စစ်ရှောင်စခန်းတွင် စစ်ရှောင်ကလေးများ ပညာရေးသင်ကြားရေးအတွက် ဆရာ၊ဆရာမနှင့် သင်ထောက်ကူပစ္စည်းများလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်‌တောင်ပိုင်း ပင်လောင်းမြို့နယ်အရှေ့တောင်ဖက်ခြမ်းရှိ သစ်ပင်ကောက်ကျေးရွာစစ်‌ရှောင်စခန်းတွင် စာသင်ကြားနေသည့် စစ်ရှောင်ကလေး ၂၀၀ (နှစ်ရာ)ကျော်ရှိနေပြီး အဆိုပါ စစ်ရှောင်ကလေးများအတွက် ကျောင်းသုံးပစ္စည်းနှင့် သင်ထောက်ကူပစ္စည်းများ လိုအပ်နေကြောင်း စစ်ရှောင်ကော်မတီတစ်ဦးက ယနေ့တွင် ပြောဆိုသည်။
“ကလေးတစ်ယောက်ချင်းစီကို စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်‌ချောင်းပဲပေးနိုင်တယ် တခြားလိုအပ်တဲ့ ခဲတံ ပေတံ A4 စာရွက်အစရှိတဲ့ သင်ထောက်ကူပစ္စည်းတွေမပေးနိုင်ဘူး စာသင်ခန်းက နှစ်ခန်းပဲရှိတယ် ကလေးတွေက အတန်းများတော့ တစ်ရက်မှာ တစ်တန်းကို တစ်နာရီပဲ သင်ပေးနိုင်တယ် ”ဟု စစ်ရှောင်ကော်မတီတစ်ဦးက ပြောသည်။
စာသင်ကလေးများ အတန်းစုံရှိပြီး စာသင်ပေးသည့် ဆရာ၊ ဆရာမအင်အား လုံလုံ‌လောက်လောက်မရှိ သောကြောင့် စာသင်ကြားရာတွင် အခက်အခဲရှိ ကြောင်း၊ စာသင်ချိန်များတွင်လည်း သင်ထောက် ကူပစ္စည်းများ အလုံအလောက်မရှိသဖြင့် သင်ကြားမှုတွင် အခက်အခဲရှိကာ ထိရောက်မှုနည်းကြောင်းသူက ဆက်ပြောသည်။
လက်ရှိ အဆိုပါစစ်ရှောင်စခန်းတွင် အိမ်ထောင်စုပေါင်း၂၅၀ ရှိနေပြီး စစ်ရှောင်ဦးရေ ၈၇၀ ဦးရှိကာ ဖယ်ခုံ၊ ခေါင်မိုင်း၊ မိုးဗြဲဖက်မှ ဒေသခံအများစုဖြစ်ကြောင်း သိရသည်။
ဖယ်ခုံ၊ မိုးဗြဲ ဒေသတွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ပြီးနောက်ပိုင်း ဒေသခံများသည်လည်း စစ်ဘေးကိုတိမ်းရှောင်ကြရင်း ဘေးကင်းရာအရပ်သို့ ခိုလှုံကြကာ ကလေးငယ်များ၏အနာဂတ်နှင့်ပညာရေးသည်လည်း စိန်ခေါ်မှုတစ်ရပ်အဖြစ် ရင်ဆိုင်လာကြရသည်။

You missed