ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၅၊၂၀၂၄
ဟိုပုံးမြို့နယ် လွယ်အွန်းကျေးရွာအုပ်စု လွယ်အွန်းရွာအတွင်း ယနေ့ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၁နာရီဝန်းကျင်က လူနေအိမ် ၂ လုံးဖောက်ထွင်းခံရပြီး ငွေ ၂၇ သိန်းအခိုးခံရမှုဖြစ်ပွားကြောင်းရွာခံအမျိုးသားတစ်ဦးထံမှသိရသည်။
ကျောင်းစုံညီပွဲတော်ကျင်းပရန်အကြိုရက်တွင် ယနေ့တွင် ဆယ်အိမ်ခေါင်းတစ်စု ဘောလုံးအသင်းဖွဲ့ပေးပြီး ကလေးများဘောလုံးပွဲသွားကြည့်စဥ်ရွာတွင်းနေအိမ်အချို့တိတ်ဆိတ်နေခြင်းကြောင့်သူခိုးများအခွင့်ကောင်းယူပြီးအိမ်ဖောက်ထွင်းခြင်းဖြစ်ကြောင်းသိရ သည်။
“ဒီနေ့က ခေါင်းအလိုက်ကလေးတွေဘောလုံးကန်တော့ အဲ့မှာလူတွေကသွားစုနေတာ၊ သူခိုးကလူတိတ်ဆိတ်တော့ ရွာတောင်ဖက်ခြမ်း နေအိမ်၂ လုံးကိုဖောက်တာ တစ်လုံးကဘာမှရှာမတွေ့လို့လားမသိဘူး ဘာမှမပါသွားဘူး။ နောက်ပိန္တောဆရာအိမ်က ပိုက်ဆံ ၂၇ သိန်းလောက်ပါသွားတယ်။ တော်သေးတယ်သူတို့ပိုက်ဆံတွေအကုန်စုပြီးမထားလို့မဟုတ်ရင်အများကြီးပါလောက်တယ်။”ဟုရွာခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
မိမိအိမ်မှအခိုးခံရခြင်းမဟုတ်သော်လည်း ကိုယ့်ရပ်ရွာအတွင်းယခုလိုနေအိမ်ဖောက်ထွင်း ပစ္စည်းခိုးခံရမှုကြားမိခြင်းသည် စိတ်မကောင်းကြောင်းသူကဆက်ပြောသည်။
လွယ်အွန်းကျေးရွာအတွင်းသည် သူခိုးများမှ လူနေအိမ်ဖောက်ထွင်းခြင်းဖြစ်ပွားလေ့မရှိသော်လည်း အနီးနားပတ်ဝန်းကျင်ကျေးရွာတို့တွင် ဆိုင်ကယ်ခိုးခံရမှုများဖြစ်ပွားခဲ့ဖူးကြောင်းစုံစမ်းသိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းတောင်ရှိမြို့နှင့် ကျေးရွာအတွင်းတို့တွင် သူခိုးပေါများလာသလို လူလိမ်လူညာများလည်းပိုမို၍ များလာကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed