ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၄၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် လချီလောင်းကစားဝိုင်းဆက်လက်ဖွင့်ထားနေခြင်းကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း ဆေးသမားများ၊ သူခိုးများနှင့် လူလိမ်လူညာပေါများ လာနေကြောင်းမြို့ခံ တစ်ဦးထံမှသိရသည်။
လက်ရှိတွင် နမ့်စန်မြို့ရှိ ရွှေငါးကန်နှင့် သစ်ကွင်းတို့တွင် နာမည်ကြီးအဆိုတော်များခေါ်ပြီး ရှိုးပွဲဘန်းပြကာ ညတိုင်းလောင်းစားဝိုင်းဖွင့်လှစ်လျက်ရှိကြောင်း ဒေသခံများကပြောဆိုသည်။
“ဒီလိုလောင်းကစားဝိုင်းလချီရှိလာတော့ ဘာမှမကောင်းဘူးလေ၊ လူငယ်တွေအကျင့်ပျက်တာပဲအဖတ်တင်တာပေါ့၊ ဆေးသမားတွေ၊ သူခိုးတွေပိုပေါလာတယ်။ နောက်လူလိမ်လူညာတွေများတယ်။ ရပ်ကွက်ထဲကျေးရွာထဲ ဆိုင်ကယ်ပြောတာတွေ အိမ်ဖောက်ခံရတာတွေ ခဏခဏကြားနေရတယ်။”ဟုအမည်မဖော်လိုသော ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
သူခိုးများ၊ ဆေးသမားများပို၍ ပေါများလာသည့်အတွက် ညဘက်တွင် အမျိုးသမီးငယ်များတစ်ဦး၊ နှစ်ဦးအပြင်ထွက်ရာ၌ လုံခြုံမှုမရှိတော့ကြောင်းသူကဆက်ပြောသည်။
မြို့ခံအမျိုးသမီးတစ်ဦးကလည်း” ရွှေငါးကန်ရော သစ်ကွင်းရော နှစ်ပွဲတောင်ရှိတာအခုက သူတို့က အဆိုတော်တွေရောငှားတာ အခုလောလောဆယ်က အောစတားအဖွဲ့ရှိတယ်။ နောက်ဖြူဖြူထွေးတို့ ချောငယ်တို့ပေါ့၊ မနေ့ညက ဖြူဖြူထွေးထင်တယ်ဖျော်ဖြေပေးတာ၊ အဲ့လိုနာမည်ကြီးအတော်တွေ ဆယ်လီတွေပေါ့ အဲ့လိုမျိုးလာကြတာပဲ”ဟုပြောဆိုသည်။
ယင်းလောင်းကစားဝိုင်း နှစ်ခုလုံးတွင် ရွှေငါးကန်၌ မတ်ကျန်းပြည်သူ့စစ်မှ ဦးဆောင်ဖွင့်လှစ်ပြီး သစ်ကွင်း၌ SSS(မဟာဂျာ)ပြည်သူ့စစ်မှဦးဆောင်ပြီးဖွင့်လှစ်နေကြောင်းဒေသခံ၏ပြောပြချက်အရသိသည်။
ထို့အပြင် ယခုသည် ကျောင်းသားကျောင်းသူများစာမေးပွဲဖြေရတော့မည့် ကာလနှင့်နီးနေခြင်းဖြစ်သောကြောင့် ကလေးလူငယ်များ စာကိုအာရုံမစိုက်ပဲ အပျော်ပါးမက်ကာ ပျက်စီးကြမည်ကိုလည်းစိုးရိမ်ရကြောင်း ကျောင်းသား/သူမိဘများကပြောဆိုသည်။
နမ့်စန်မြို့သည် လောင်းကစားဝိုင်းကို သီးသန့်ဖွင့်လှစ်ခြင်းရှိနေသည့်အပြင် ပွဲလမ်းတစ်ဘင်တစ်စုံ တစ်ရာကျင်းပရာ၌ ရက်ရှည်အဖြစ်ကျင်းပလေ့ရှိပြီး လောင်းကစားဝိုင်းပါထည့်သွင်းလေ့ရှိကြောင်းစုံစမ်းသိရသည်။
“ဒီမှာက ပွဲတစ်ခုခုလုပ်ပြီဆို တစ်လလုပ်မလားစသည် လုပ်လေ့ရှိတယ်၊ အဲ့မှာလောင်းကစားဝိုင်းပါထားမျိုးပေါ့၊ အချို့ဘုရားပွဲတွေ ထီးတင်တွေက ဘုန်းကြီးတွေ လူကြီးတွေကမထားချင်ပေမယ့် တိုင်တန်းစရာလည်းမရှိတော့ခက်တာမျိုးရှိတယ်။ နောက်လောင်းကစားပါထားပြီဆို ဒီလက်နက်ကိုင်တွေပြည်သူ့စစ်တွေပဲ ဦးဆောင်လုပ်တော့ဘယ်သူ့မှမပြောရဲတော့ဘူး”ဟု မြို့ခံအမျိုးသားတစ်ဦးကပြောသည်။
နမ့်စန်မြို့အတွင်းသည် စစ်ကောင်စီ၏ လက်အောက်ခံပြည်သူ့စစ်ပေါင်းစုံစုပြုံလှုပ်ရှားနေထိုင်သောမြို့ဖြစ်သလို စစ်ကောင်စီ၏ မိသားစုများဝင်အများစုနေထိုင်သည့်မြို့လည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *