ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၇၊၂၀၂၄
စံကားအင်းဒေသတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်(PNA)တပ်သားများအတွက် ရွာသားများက စားနပ်ရိက္ခာထောက်ပံ့ ပေးနေရကြောင်း ခမ်းသားငေါဝ်းမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသရှိ ဒေသခံပြည်သူများသည် ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်‌ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) တပ်သားများအတွက် အလှည့်ကျထမင်းထုပ်များထောက်ပံ့ ပို့ဆောင်ပေးရကြောင်း သတင်းရင်းမြစ်က ယနေ့ဇန်နဝါရီလ (၁၇)ရက်နေ့တွင် ပြောဆိုသည်။
“သူတို့အတွက် တစ်အိမ်ကို ထမင်းထုပ်(၄)ထုပ်စီ ပို့ပေးရတယ်၊ ထမင်းထုပ်ကြီးငယ်တော့ သူတို့မသတ်မှတ်ထားဘူး၊ ကျွန်တော်တို့ ထုပ်တဲ့ပေါ်မှာပဲမူတည်တာပေါ့၊ ထမင်းတစ်ထုပ်မှာဆို ဟင်းတွေရော အပြည့်အစုံထည့်ပေးရတယ်” ဟု ခမ်းသားငေါဝ်း သတင်းရင်မြစ်က ပြောသည်။
စံကားဒေသရှိ ကျေးရွာအသီးသီးသည် ထမင်းထုပ်များကို တစ်ရွာချင်းစီအလှည့်ကျပို့ဆောင်ရပြီး ကျေးရွာအတွင်း ကားရှိသူများက ထမင်းထုပ်များကို ထီရီးကျေးရွာအထိ PNO စစ်သားများထံ ပို့ဆောင်ပေးရကြောင်း စုံစမ်းသိရှိရပါသည်။
လုံခြုံရေးအရအမည်မဖော်လိုသည့် အင်းဒေသခံအမျိုးသားတစ်ဦးကလည်း “ကျွန်တော်တို့ရွာဘက်ဆိုရင် ၂ခါ ၃ခါတောင်းပြီးပြီ၊ တစ်အိမ်(၄)ထုပ်စီ ပေးရတယ်၊ သူတို့ ဒီလိုမျိုးလာတောင်းတာတော့ နဲနဲကြာပြီ၊ သူတို့တပ်သားတွေအတွက် စားဖို့လို့ပြောတာပဲ” ဟု ပြောသည်။
ယခု ထီရီးကျေးရွာတောင်ဘက်တွင် စစ်ကောင်စီတပ်သားနှင့် ပအိုဝ်းပြည့်သူ့စစ်(PNA)တပ်သားများ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
စံကားအင်းတစ်ဝိုက်ရှိဒေသခံများသည် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ကြသောကြောင့် ချိုးပြီးသည့်ပြောင်းများကို ပြောင်းဈေးနှုန်းမကောင်းသော်လည်း အများစုမှာ ဈေးပေါပေါဖြင့် ရောင်းနေကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *