ခမ်းသားငေါဝ်း
ဇန်နဝါရီလ ၁၅၊၂၀၂၄
တောင်ကြီးမြို့၌ ပြုလုပ်ခဲ့သည့် MNDAA၏ လုပ်ရပ် ကို ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြပွဲတွင် ဦးဆောင်သည့် နေမင်းကြီးဆရာတော်မှ ရဟန်းသံဃာများကိုလက်နက်တပ်ဆင်ပေးပြီးပြည်သူ့စစ်ဖွဲ့ပေးရန် တောင်းဆိုမှုသည် ဝိနည်းနှင့်မညီကြောင်း ဆရာတော်အချို့ဝေဖန် မိန့်ဆိုခဲ့ သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က တောင်ကြီးမြို့ စူဠာမုနိဘုရားရင်ပြင်၌ MNDAA၏ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ရဟန်းသံဃာအပါပြည်သူများနှင့်တကွဆန္ဒပြ မှုတွင် ထိုသို့ဟောပြောတောင်းဆိုနေကြောင်းသိရသည်။
“တကယ်လို့ဒီအရေးကို ပြတ်ပြတ်သားသား မဆောင်ရွက်ဘူးဆိုရင် ဘုန်းဘုန်းတို့ကဆက်လက်ပြီးတော့ ကန့်ကွက်ရှုတ်ချရုံမက ဘုန်းဘုန်းတို့ကို လက်နက်တပ်ဆင်ပေးပါ။ ဘုန်းဘုန်းတို့အမျိုးသားရေးသမားတွေက သတ္တိရှိပါတယ်။ သွေးရဲပါတယ်။ ဒီအတွက်ကြောင့် ဘုန်းဘုန်းတို့ကို ပြည်သူ့စစ်ဖွဲ့ပေးပါ။ အထူးပဲတောင်းဆိုတယ်။”ဟု ယင်းကန့်ကွက်ရှုတ်ချပွဲတွင် နေမင်းကြီးဆရာတော်ကတောင်းဆိုခဲ့သည်။
ထို့အပြင် လက်ရှိမြန်မာနိုင်ငံသည် ရဟန်းသံဃာ ၆ သိန်းဝန်းကျင်ရှိရာ ၂ သိန်းဝန်းကျင်မှ လိုအပ်ပါက တပ်မတော်နှင့်ပူးပေါင်းဖို့ရန် အဆင်သင့်ရှိနေကြောင်းလည်း ဟောပြောမိန့်ဆိုထားသည်။
ထို့သို့နေမင်းကြီးဆရာတော်မှ ရဟန်းသံဃာများကို လက်နက်တပ်ဆင်ပေးပြီး ပြည်သူ့စစ်ဖွဲ့ပေးရန် တောင်းဆိုး​ခြင်းသည် ဝိနည်းနှင့်မလျော်ညီကြောင်း ရဟန်းသံဃာအချို့ကဝေဖန် မိန့်ကြားခဲ့သည်။
ဘွဲ့အမည်၊ ကျောင်းအမည်မဖော်လိုသော တောင်ကြီးမြို့ပေါ်သီတင်းသုံးသည့်ဦးဇင်းတစ်ပါးက “ဒီကန့် ကွက်ရှုတ်ချတာက စေတီပုထိုးကိုထိပါးလာလို့ကန့် ကွက်ခြင်းပေါ့၊ ရိုးရိုးရှင်းရှင်းကန့်ကွက်တာတော့ကိစ္စမဟုတ်ဘူး။ ရဟန်းသံဃာကို လက်နက်တပ်ဆင်ပါဆိုတာက ဝိနည်းအရပြောရရင် သုဒ္ဓပါစိတ်မှာ စစ်နဲ့ပတ်သက်တဲ့ သိက္ခာပုဒ်အချို့ပါပါတယ်။ စစ်သလင်း စစ်မြေပြင် စစ်လေ့ကျင့်စဥ်တို့မှာ ရဟန်းတွေသွားကြည့်လို့မရပါဘူး။ ကြည့်ရင် ဒါ အာပတ်သင့်ပါတယ်။ လက်နက်ကိုင်မယ်ဆို လူသတ်ရမယ်ဆို ဒါက မနုဿဝိဂ္ဂဟ တတိယပါရာဇိကအာပတ်ထိ အပြစ်ကြီးပါတယ်။ လက်နက်တပ်ဆင်လို့ရတာက ရဟန်းဘဝကနေ လူထွက်သွားရင်တော့ဒါတစ်မျိုးပေါ့နော်။ ဒီတိုင်းတော့မရဘူးပေါ့၊ ဦးဇင်းအနေနဲ့က အဲ့လောက်ပဲသုံးသပ်ပါတယ်။”ဟု မိန့်ကြားသည်။
ဘုန်းကြီးတပါးသည် ကျင့်ဝတ်သီလသိက္ခာနှင့် အညီ နေထိုင်ရမည်ဖြစ်ပြီး သင်္ကန်းဝတ်ကာ ဘုရားအဆုံးအမနှင့် မလျော်ညီသော အပြုအမူမျိုးမဟောပြောသင့်ကြောင်းနှင့် ဟောပြောလိုက်ခြင်းကြောင့် ပြည်သူလူထုမှာ ပိုမိုမှားယွင်းသောအသိ အမြင်များဖြစ်စေလို ဘာသာအချင်းချင်းကြား အမုန်းတရားတွေပိုကြီးထွားစေနိုင်ကြောင်းလည်း ဘွဲ့အမည်မဖော်လိုသော ဥုးဇင်းနောက်တစ်ပါးလည်းခမ်းသားငေါဝ်းသို့မိန်းကြားခဲ့ သည်။
ယခုလိုနိုင်ငံရေးပြဿနာ၌ ဘာသာရေးပါ ပါဝင်လာပါက ပိုမို၍ရှုတ်ထွေးစေကြောင်းနှင့် လူမျိုးရေးဘာသာရေးပဋိပက္ခပိုဖြစ်လာအောင်ဖန်တီးမှုသာဖြစ်ကြောင်းလည်းဆက်မိန့်ထားသည်။
နေမင်းကြီးဆရာတော်သည် ရှမ်းပြည်နယ်တွင် တပ်မတော်ထောက်ခံပွဲများ စဥ်ဆက်မပြတ်ဦးဆောင်သည့်ဆရာတော်ဖြစ်ကြောင်းသိရ သည်။
MNDAAကိုးကန့်တပ်မတော်၏ တပ်သားတစ်ဦးမှစေတီပုထိုးကို သံတူဖြင့်ထုရိုက်သော တီဗီဖိုင်သည်ဇန်နဝါရီလ ၈ ရက်နေ့၌ အွန်လိုင်းပေါ်ပြန်နှံ့ပြီးနောက် ယင်းအပေါ်ဇန်နဝါရီလ ၉ ရက်နေ့က MNDAAအနေဖြင့် တပ်စည်းမျည်းစည်းကမ်းညံ့ဖျင်းမှု အရည်အချင်းမရှိသောလုပ်ဆောင်ချက်တို့ပေါ် တောင်းပန်အပ်ကြောင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *