ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၈၊၂၀၂၄
မှော်ဘီ ကျေးရွာအနီးရှိ တံတားပေါ်ဂိတ်နှင့် အဝိုင်းပတ်ဂိတ်တွင် ခရီးသွားလာပြည်သူများကို ရိုက်နှက်စစ်ဆေးပြီး ငွေတောင်းနေကြောင်း ခရီးသွားတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊မှော်ဘီကျေးရွာရှိ တံ‌‌တားပေါ် နှင့် အဝိုင်းပတ် စစ်ကောင်စီတပ် နှင့် PNO ဂိတ်နှစ်ခုတွင် ခရီးသွားလာပြည်သူများ နှင့် ဒေသခံများကို ရိုက်နှက်စစ်ဆေးပြီး ငွေတောင်း ငွေညစ်မှုများရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့တွင် အဆိုပါဂိတ်အား ၂/မှတ်ပုံတင်ကိုင်ဆောင်သည့် အရပ်သားပြည်သူတစ်ဦးက ဖြတ်သွားလာစဉ် ဂိတ်ရှိ စစ်သားများက ၎င်းအား ရိုက်နှက်စစ်ဆေးပြီး ငွေတောင်းခဲ့ကြောင်း ဆိုသည်။
“ကျွန်တော်တို့က လွိုင်ကော်ကနေ လာတာ မှတ်ပုံတင်က ၂/(၂ မျဉ်းစောင်း)ကိုင်ထားတော့ နင်တို့က PDF တွေ ဆိုပြီး စွပ်စွဲတယ်။ပြီးရင်သေနတ်နဲ့ထုတယ်။ရိုက်နှက်တယ်ပေါ့နော်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ မဟုတ် ကြောင်း ပြောလည်း သူတို့ကမယုံဘူး။ ပိုက်ဆံနဲ့ညှိနှိုင်းပြီးမှ လူကို ပြန်လွှတ်တယ်။ နေ့တစ်ပိုင်းတောင်ကြာသွားတယ်။”ဟု ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
‌မှော်ဘီကျေးရွာ အဝိုင်းပတ်ဂိတ်သည် လမ်း ကြောင်းအရ လမ်းလေးဆုံဖြစ်ပြီး တောင်ဖက်တွင် လွိုင်ကော်၊ဖယ်ခုံလမ်းအနောက်ဖက် ပင်လောင်းလမ်း၊ မြှောက်ဖက်တွင် တောင်ကြီးလမ်းနှင့် အရှေ့ဖက် ဆီဆိုင်သို့သွားသောလမ်းဖြစ်ပြီး အဆိုပါလမ်းဆုံနေရာတွင်လည်း စစ်ကောင်စီနှင့် PNOက ဂိတ်ဖွင့်ပြီး တင်းကြပ်စွာ စစ်ဆေးနေကြောင်းသိရသည်။
ဒေသခံတစ်ဦးကလည်း “အဲနေရာဆို ဆိုင်ကယ်ကို ဆင်းတွန်းရတယ်။ မသင်္ကာတဲ့လူဆို သူတို့က အကြာကြီးစစ်တယ်။ဆဲတာတို့၊ရစ်တာ လုပ်တယ်။စောင့်တဲ့ စစ်သားတွေကလည်း အချိန်တိုင်း မူးနေတာ တွေ့ရတယ်”ဟု ပြောသည်။
မှော်ဘီတံတားသည် ပင်လောင်း-တောင်ကြီး ပင်လောင်း -ကျောက်တစ်လုံး ပင်လောင်း-ဆီဆိုင်သို့ အများပြည်သူများ ကုန်စည်ပို့ဆောင်ရာ သွားလာအသုံးပြုသည့် လမ်းတစ်လမ်းဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်က ဂိတ်ထားပြီး ဖြတ်သန်းသွားလာ ပြည်သူများကို တင်းကြပ်အစစ်ဆေးခြင်းကြောင့် ဒေသခံများလည်း အသွားအလာ အခက်ခဲဖြစ် ရကြောင်း ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *