ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၅၊ ၂၀၂၄
စစ်ကောင်စီ အုပ်ချုပ်မှုယန္တရား များလုံးဝချုပ်ငြိမ်းပြီး ပလက်ဝ ဒေသတစ်လုံးကို ရက္ခိုင့် တပ်တော်မှ အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ကြောင်းသိရသည်။
ချင်းပြည်နယ်ရှိ ပလက်ဝ မြို့နယ်၊ ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီ တပ်ဖွဲ့များနှင့် စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားများ လုံးဝ အာဏာစက်ချုပ်ငြိမ်းသွားပြီးဖြစ်ကြောင်း ရက္ခိုင့် တပ်တော်မှ ဇန်နဝါရီ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကာလ နှစ်လပြည့်၂၀၂၄ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ပလက်ဝ-ကျောက်တော်မြို့နယ်အစပ်ရှိ “မီးဝဗျူဟာကုန်း” တစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။
“မီးဝဗျူဟာ”စခန်းကုန်းကြီးကိုလည်း ဇန်နဝါရီလ (၉) ရက် နံနက် (၁၀) နာရီ (၂၈) မိနစ်ခန့်အချိန်တွင် စတင် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ (၁၃) ရက်၊ ညနေ (၆) နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ တပ်သားများလက်နက်နှင့်ဖြစ်စေ ၊ လက်နက်မဲ့ဖြစ်စေ အချို့ ထွက်ပြေးလွတ်မြောက်နေသည့်တွက် ပလက်ဝဒေသအတွင်း မိဘပြည်သူများကို အန္တရာယ်ပြုလာနိုင်သည့်အတွက် အထူးသတိထားသွားလာကြရန်ကိုလည်းပြောဆိုထားသည်။
ပြည်သူလူများအား ပိုမို့လုံခြုံစေရန်အတွက် ထိုထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်မှ လိုက်လံ ရှာဖွေတိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိ ရက္ခိုင့်တပ်တော်သည် ရှမ်းမြောက်ညီနောင် ၃ဖွဲ့နှင့်အတူ ၁၀၂၇စစ်ဆင်ရေးကို အရှိန်အဟုန်လုပ်ဆောင်နေကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *