ခမ်းသားငါဝ်း
ဇန်နဝါရီ ၁၇၊၂၀၂၄
ပင်လောင်းသို့ ရောက်ရှိလာသည့် ဖယ်ခုံမှ စစ်ဘေးရှောင်များသည် မတူညီသည့် ရာသီဥတုဒဏ်များကြောင့် စစ်ရှောင်ကလေးငယ်များ ဖျားနာနေကြရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။
စစ်ပွဲကြောင့် ဖယ်ခုံမြို့မှ ဒေသခံများသည် နီးစပ်ရာ ပင်လောင်းမြို့နှင့် အနီးအနားတစ်ဝိုက်ကျေးရွာများတွင် စစ်ရှာင်ခဲ့ကြရပြီးနောက် မတူညီသည့်ဒေသ၊ မတူညီသည့် ရာသီဥတုဒဏ်များကြောင့် စစ်ရှောင်ကလေးငယ်အများစု ဖျားနာနေကြရကြောင်း ဆိုသည်။
ပင်လောင်း‌ဒေသ၏ ဆောင်းရာသီသည် အလွန်အေးသဖြင့် စစ်ရှောင်များ ရာသီအလိုက် ရောဂါဖြစ်ပွားခြင်း နှင့် ဖျားနာမှုများ ကြုံတွေ့နေရပြီး ကလေးငယ်များက ပိုအဖြစ်များကြောင်း သိရသည်။
“ကျန်းမာရေး နဲ့ပတ်သက်ပြီးဖျားနာမှုကတော့ ကလေးတွေမှာ ပိုပြီးအဖြစ်များတယ်။ ဒီရက်ပိုင်းရာသီဥတုကလည်း တော်တော်အေးလာတယ်။ သို့ပေမယ့် မြို့ခံ၊ရွာခံတွေကတော့ တတ်နိုင်တဲ့ဘက်က စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို ကူညီပေးနေပါတယ်”ဟု ပင်လောင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖယ်ခုံမြို့အတွင်း တော်လှန်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်ခဲ့ပြီး ‌‌ဒေသခံပြည်သူများ ဘေကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
စစ်ဘေးရှောင်များသည် ပင်လောင်းတောင်ဖက် ဝါးလီး၊ ပင်ခွန်၊ နမ်းဖာမူ၊ ကုန်းသာ၊ ဗန်းမောက် ကျေးရွာများတွင် ခိုလှုံနေထိုင်ကြပြီး ပင်လောင်းမြို့နယ်အတွင် စစ်ရှောင်ဦး‌ရေ နှစ်သောင်း ခန့်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *