ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၃၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ဓားပြတိုက်မှု ဆက်တိုက်ဖြစ်ပွားပြီးနောက် စာစောင်အတုများဖြန့်ပြီး မြို့ခံပြည်သူများကို ခြိမ်းခြောက်ဟောက်စာမှုရှိနေကြောင်း မြို့ခံများထံမှ သိရသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့တွင် “ကြေးစားလူသတ်ပစ်ခတ်အဖွဲ့” အမည်ဖြင့် စာအတုများရေးပြီး ပင်လုံမြို့ရှိ နမ့်စန် ပရိဘောဂဆိုင် ၂ဆိုင်၊ဆိုင်ကယ် Showroomဆိုင်နှင့် ဖုန်းဆိုင်များကို စာစောင်လာပစ်ပြီး ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
စာတွင်”ခင်များတို့ နမ့်စန် ပရိဘောဂဆိုင် ၁၊၂ဆိုင်ကို မိသားစု၊ ဝန်ထမ်းမထိခိုက်စေချင်ရင် ကျတော်တို့အထက်ကို ညှိ့နှိုင်းပြီးဆွေးနွေးပါ၊ ကျန်ကိစ္စကိုပျက်ကွက်ပါက လက်ရှိမြို့တွင်းလို ပစ်ခတ်ခြင်းကိုပြုလုပ်ပါမည်။ မိသားစု၊ ဝန်ထမ်း၊ ကလေးများပါမကျန် ပစ်ခတ်ပါမည်။”ဟု ခြိမ်းခြောက်စာတွင် ဖော်ပြထားသည်။
“အဲ့စာလာပစ်သွားတာ ကိုကြောက်နေရတာ ခုဆိုင်လည်းပိတ်ထားလိုက်ရပြီ၊ တကယ်လို့စာလာပစ်ရင် ပေးကြမှာပဲလေ၊မိသားစုတော့ ပြိုကွဲခံကြမှာမဟုတ်ဘူး၊ မပေးရင်လည်း ကလေးကအစပစ်မယ်လို့ရေးထားလို့လေ၊ ဦးတင်ထွန်းတို့လို ဖြစ်မှာကြောက်ကြတာ”ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
မြို့ခံအမျိုးသားတစ်ဦးကလည်း”အလုပ်လုပ်တာတောင်မှ အဆင်ပြေနေတယ်လို့အထင်ခံရမှာကြောက်ရ၊ လုပ်ငန်းရှိနေတာကိုလူသိမှာကြောက်ရ၊ ဘယ်နေ့များကိုယ့်ဆိုင်ကိုလာပစ်သွားမှာလည်းဆိုတဲ့စိတ်နဲ့ မလုံမခြုံခံစားရပေါ့၊ ဒီလိုပဲ ဘာဖြစ်ဖြစ် မဖမ်းမိရင်တော့ လုပ်ငန်းရှင်တွေပြီးရင် ရပ်ကွက်ထဲက အိမ်တွေထိမလုံခြုံတော့ဘူး။”ဟုပြောသည်။
ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် မြို့တွင်းဆိုင်အများစုအစောပိတ်သိမ်းကြပြီး လက်ရှိရက်ပိုင်းတွင် ကြေးစားအမည်တပ် ခြိမ်းခြောက်မှုပါလာနေခြင်းကြောင့် အချို့ဆိုင်တွင် အပြီးပိတ်သောဆိုင်လည်းရှိနေကြောင်း ဆိုသည်။
“မဖြစ်ဘူးဆိုမဖြစ်ဘူးပဲ ပင်လုံက၊ ဖြစ်ပြီဆိုပြောင်းပြန်ဆံခတ်ကုန်တာ၊ လေထိုးဆိုင်ဓားပြတိုက်ခံရပြီဘာညာတွေက ကောလဟလတွေ၊ တကယ်တိုက်ခံရတာတော့မဟုတ်ဘူး။ ဦးတင်ထွန်းတို့အမှုဖြစ်ပြီးနောက် လူတွေက ကြောက်နေချိန် ကြားမှာလုပ်စားချင်တဲ့ကောင်ကလည်းရှိသေး၊ ကျွန်တော်တို့ပင်လုံက အရင်တုန်းကလည်းအဲ့လိုဖြစ်ဖူးတယ်၊ဓားပြတိုက်မှုဖြစ်ပြီးနောက် နောက်ဆက်တွဲလုပ်စားတဲ့ကောင်ပေါ်ပေါ်လာတယ်၊ လူတွေလည်းလျောက်လျောက်တင်တော့ပိုဆိုးတယ်။”ဟုမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ပင်လုံမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ရက်နေ့၌ ဦးတင်ထွန်းဖုန်းဆိုင်ကို ဓားပြတိုက် ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၈ရက်နေ့တွင်လည်းလည်း ပင်လုံမြို့မဈေးအတွင်း ကိုကျော်စိန်+မခင်ဦးတို့ရွှေဆိုင်ကို ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။
လက်ရှိတွင်ပင်လုံမြို့အတွင်း လုပ်ငန်းရှင်များကြောက်လန့်နေရပြီး လုပ်ငန်းများကိုလျော့လုပ်နေရပြီး မြို့ခံများသည် ဓားပြဒဏ် သူခိုးဒဏ် ရန်ပြုမည်ကိုစိုးရိမ်နေကြရသည်။

Leave a Reply

Your email address will not be published. Required fields are marked *