ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၆၊၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဘက်တွင် ဗုံးလာကြဲသည့် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာလေယာဥ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ ၁၆ ရက် နေ့လည် ၁၂ နာရီအချိန်တွင် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်းကို KIO၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုခဲ့သည်။
“ဂျက်ဖိုက်တာ တစ်စီးပစ်ချတာမှန်တယ်။ ဒီနေ့နေ့လည် ၁၂နာရီဝန်းကျင်မှာ အသေးစိတ်တော့မသိရသေးဘူး။ ဂျက်ဖိုက်တာပစ်ချတာတော့ အတည်ပြုပါတယ်။”ဟု ဗိုလ်မှူးကြီး နော်ဘူက KNG သတင်းဌာနကိုအတည်ပြုပြောကြားခဲ့သည်။
နမ့်ဖက်ကာအပါ ကွတ်ခိုင်မြို့နယ်တစ်ခုလုံးနီးပါး တွင် ဖုန်းလိုင်း၊အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး သတင်းနှင့်ပတ်သက်သော အသေးစိတ်အချက်လက်ကို မသိရသေးကြောင်း ဆိုသည်။
နမ့်ဖက်ကာကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် KIA ကစတင်တိုက်ခိုက်ပြီး ဇန်နဝါရီလ ၁၄ ရက်နေ့ထိ ၁၈ ကြာအချိန်ပေးတိုက်ခိုက်ကာ နမ့်ဖက်ကာအခြေစိုက် ခလရ (၁၂၃)ကို အပြီးစီးသိမ်းပိုက်ခဲ့သည်။
အဆိုပါ ဖြစ်ပွားသောတိုက်ပွဲအတွင်း အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးရမှုများရှိသလို စာသင် ကျောင်း၊ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့ကြောင်း သိရသည်။
လက်ရှိ ရှမ်းမြောက်ပိုင်းမြို့အများစုကို ညီနောင်မဟာမိတ်အဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ တပ်စခန်းအသိမ်းခံရပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ၊ ဂျက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *