ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၆၊၂၀၂၄
နမ့်စန်မြို့တွင် စစ်ကောင်စီတပ်၏ တိုက်လေယာဥ်များ နေ့ရောညပါဆင်းတက်နေသဖြင့် အရပ်သားပြည်သူများ၏ နေထိုင်မှုကို ထိခိုက်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် ယခုရက်ပိုင်းတွင်း စစ်ကောင်စီတပ်၏ တိုက်လေယာဥ်များသည် ရှေ့တန်းစစ်မြေပြင်စစ်ကူသွားရန် နေ့ရောညပါဆင်းတက်နေသဖြင့် အရပ်သားပြည်သူများ၏ နေထိုင်မှုကိုထိခိုက်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
နမ့်စန်မြို့သည် စစ်တပ်၏ ‌လေတပ်စိုက်မြို့ဖြစ်ပြီး တိုက်လေယာဥ်များ (လေယဉ်အစီးရေ ဆယ်စီးထက်မနည်း )က နေ့ဘက်အပြင်ညဘက်အချိန်ပါ ဆင်းတက်ကာ စစ်ကူသွားနေကြောင်း ဆိုသည်။
“လေယာဥ်တက်တာကတော့ နေ့တိုင်းတက်တာပေါ့၊ တစ်ခါတစ်ခါတက်တာ နားတောင်အူတယ်။ ဈေးထဲမှာ ဈေးထိုင်ရောင်းနေရင်းနဲ့ တက်ပြီဆို တစ်ခါတစ်လေ သတိမထားရင်လန့်တယ်၊ ဆိုင်ရဲ့အမိုးတွေတောင် လှုပ်ခါကုန်တာ၊ အခုက ညဘက်မှာရောတက်တယ်၊ အချို့ညဆို ၅ စီး၊ ၆ စီးတက်တာ အိပ်နေရင်းနဲ့ ဆူညံတယ်။ ဒါမဲ့မတတ်နိုင်ဘူးလေနော်၊ သူတို့ကွင်းကလည်းဒီမှာပဲရှိတော့ ဆူညံလည်းခံရတာပေါ့”ဟု နမ့်စန်မြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။
လက်ရှိ နမ့်စန်တွင် စစ်တပ်၏ လေယာဥ်ဆင်းတက် နေမှုသည် ယခင်သာမာန်ထက်ပိုများနေပြီး စစ်ကောင်စီက ၎င်းတို့ရှေ့တန်းစစ်မြေပြင်အတွက် ထောက်ပို့ စစ်ပစ္စည်းသယ်ပို့ခြင်းနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။
အမျိုးသားတစ်ဦးကလည်း”အခုဆိုပိုဆိုးတာပေါ့၊ ညဘက်မှာက ဟိုလောင်းကစားကွင်းက ရှိုးသံရော၊ သူတို့(စစ်ကောင်စီ)လေယာဥ်သံရော ကြားရတာ ညဘက်ဆိုအသံကပိုဆူညံသွားတယ်လေ၊ အဲ့လိုတက်တဲ့ချိန်ဆို မိနစ်၂၀၊ ၃၀ လောက်ခြားတာနဲ့ထပ်တက်ပြန်ပြီ။”ဟုပြောသည်။
နမ့်စန်တွင် လောင်းကစားဝိုင်းများဖွင့်လှစ်နေရှိပြီး ယင်းရှိုးပွဲမှထွက်လာသည့်ညအသံအပြင်
တိုက်လေယာဥ်ဆင်းတက်ခြင်းအသံများကြောင့် ဒေသခံများ၊ သက်ကြီးရွယ်များနှင့် ကလေးသူငယ်များ အိပ်ရေး ကျန်းမာရေး ထိခိုက်လာနိုင်‌ ကြောင်း ဒေသခံများက ပြောဆိုကြသည်။
လောင်းကစားဝိုင်းသွင်သွင်ကျယ်ကျယ်ဖွင့်လှစ်ပြီး ဆူညံသံနှင့် လေယာဥ်ခပ်ဆိတ်ဆိတ်ဆင်းတက်သံ များ၏ ဆိုးကျိုးများသည် ဒေသခံပြည်သူများအတွက် နေ့စဉ်လူနေမှုဘဝ ထိခိုက်မှုရှိနေကြောင်း ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *