ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၇၊၂၀၂၄
ကရင်နီ နယ်စပ်ရှိ ဒေါတခြောကျေးရွာသို့ ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ထပ်မံရောက်ရှိလာသည့် ကရင်နီပြည်မှ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စစ်ဘေးရှောင်များအတွက် ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO မှ သွားရောက်ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။
ထပ်မံရောက်လာသည့် စစ်ဘေးရှောင်အိမ်ထောင်စု ၈ စု လူဦးရေ ၄ဝ ဝန်းကျင်ကို ဆန် ဆီ ဆားနှင့် တစ်ကိုယ်ရေပစ္စည်းများကို ကူညီပေးခဲ့ကြောင်း PNLOမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မနေ့က အလှူရှင်အဖွဲ့တွေ ပေးလှူထားတဲ့ ပစ္စည်းတွေနဲ့ ကူညီပေးသွားတာ၊ အသစ်ထပ်ရောက်တဲ့ အိမ်ထောင်စု ၈စု၊လူဦးရေ ၄၀ ကျော်အတွက်ပေါ့။ သူတို့အတွက် ဆန်၊ဆီ၊ ဆားတွေ နောက်အဝတ်အစားတွေ ကူညီပေးတယ်။”ဟု PNLO၏ ဒေသန္တရဌာနချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးကြီးအာဠာရ က ခမ်းသားငေါဝ်းကို ပြောသည်။
နိုင်ငံရေးမတည်ငြိမ် နိုင်ငံရေးမကောင်းသည့်ကာလမှာ စစ်ရှောင်များအတွက် အဓိက စားနပ် ရိက္ခာများလိုအပ်လျက်ရှိသလို စစ်ဘေးရှောင်မှပါလာသောစစ်ရှောင်ကလေးငယ်များ၏ ပညာသင်ကြားရေး အခွင့်လမ်းများလည်းဆုံးရှုံးနေသည်ဟု သူကဆက်ပြောသည်။
ဒေါတခြောကျေးရွာတွင် ယခင်စစ်ရှောင်၂၀၀ ဝန်းကျင်ရှိနေပြီး ထပ်မံရောက်လာသောစစ်ရှောင်များအပြင် ထပ်လာရန်စာရင်းပေးထားသော စစ်ရှောင်များလည်းရှိသည့်အတွက် စစ်ရှောင်လူဦးရေတည်ငြိမ်မှုမရှိကြောင်း ဆိုသည်။
PNLOအခြေပြုဒေသအတွင်း ဒေါတခြောအပြင် အခြားနေရာများတွင်လည်း ရောက်ရှိလာသည့်စစ်ရှောင်များ သောင်းချီရှိနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာများအပြင် ယခုဆောင်းရာသီကာလတွင် အနွေးထည်များ နှင့် စောင်များ၊ အခင်းများလည်း လိုအပ်နေကြောင်း သိရသည်။
လက်ရှိတွင် PNLO၏ အုပ်ချုပ်ရေးဌာနမှ လူသားချင်းစာနာထောက်ထားမှုအစီအစဥ်ဖြင့် ပြည်တွင်းအလှူရှင်များနှင့် ပြည်ပအလှူရှင်များ ပူးပေါင်းပြီး စစ်ဘေးရှောင်ပြည်သူများကို တတ်အားမျှကူညီပေးနေကြောင်း ဆိုသည်။