ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၈၊၂၀၂၄
တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်ရှိ ရွှေတောင်ရိုးကားခြံအား ယနေ့နံနက်အစောပိုင်း ၁ နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေအေးကွင်းရပ်ကွက်ရှိ ရွှေတောင်ရိုးကားခြံကို ယနေ့ဇန်နဝါရီလ ၁၈ ရက်က်နေ့ နံနက် ၁၂ နာရီ ၅၈ မိနစ်အချိန်တွင် မီးစတင်လောင်ခဲ့ပြီး ၁ နာရီ ၄၁ မိနစ်အချိန်တွင် မီးကိုငြိမ်းသတ်နိုင်ကာ မိနစ် ၄၀ ကျော်ကြာ မီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှုတွင် မီးသွားငြိမ်းပေးရန် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြိမ်းယာဥ် ၃စီး၊ မီးသတ်ရေသယ်ယာဥ် ၁စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဥ် ၂စီး၊ တောင်ကြီးမြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဥ် ၂စီး၊ ရေသယ်ယာဥ် ၁စီး၊ ကန်သာနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဥ် ၁စီးတို့ဖြင့် လာရောက်မီးငြိမ်းသတ်ရာ ၁ နာရီ ၄၁မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဖွဲ့ထုတ်ပြန်ထားချက်အရ သိရသည်။
“မီးက ညသံခေါင်မှာ ထလောင်တော့ ဘယ်လိုဖြစ်ပြီးဘယ်လိုစလောင်တယ်ဆိုတာက အသေးစိတ်မသိရဘူး။ မီးကအကြီးအကျယ်လောင်တော့ အဲ့မှာရှိတဲ့ပစ္စည်းတွေလည်းမနည်းဘူးလေ။ အကုန်လုံးပါသွားမယ်ထင်တယ်။”ဟုမြို့ခံအမျိုးသားတစ်ဦးကပြောသည်။
မီးလောင်စဉ်တွင် ကားခြံအတွင်းရှိပစ္စည်းများအကုန်လုံးနီးပါး မီးထဲပါသွားပြီး အသေးစိတ်သတင်းအချက်လက်ကို ခမ်းသားငေါဝ်းအနေဖြင့်စုံစမ်းနေဆဲဖြစ်သည်။
ယခုရက်ပိုင်းအတွင်း တောင်ကြီးမြို့ပေါ်တွင် လျှပ်စစ်မီး ပုံမှန်မလာ၍ သတိထားရန်လိုအပ်သလို မြို့ခံပြည်သူများအနေဖြင့် မီးကိုအထူးသတိပြုရန်လိုအပ်ကြောင်း မြို့ခံများက ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *