ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၇၊၂၀၂၄
တောင်ကြီးမြို့ပေါ် ရှိ ရပ်ကွက်များတွင် လျှပ်စစ်မီးပုံမှန်လာခြင်းမရှိသောကြောင့် မီးနှင့်အလုပ်လုပ်နေရသည့် လုပ်ငန်းများနှင့် အိမ်ရှင်မများ အခက်အခဲ ဖြစ်ရကြောင်း အမျိုးသမီးတစ်ဦးထံမှ သိရသည်။
လျှပ်စစ်မီးပုံမှန်ပျက်လေ့ရှိသော်လည်း ယခုရက်ပိုင်းတွင် နေ့စဉ်မီးပျက်နေပြီး မီးလာချိန်အနည်းသာရှိသောကြောင့် မီးသုံးရန်လိုအပ်သည့်လုပ်ငန်းများ နှောင့်နှေးခြင်း၊ မီးအချိန်ကြာပျက်သဖြင့် ရေအတွက်အခက်အခဲဖြစ်ခြင်း၊ ကျောင်းသားကျောင်းသူများ စာကျက်ချိန်မီးပျက်ခြင်းနှင့် အချို့အိမ်တွင်းလုပ်ငန်းကိစ္စများတွင် မီးလိုအပ်ချက်ရှိနေသဖြင့် အခက်အခဲဖြစ်ရကြောင်း ဆိုသည်။
“မီးကသုံးဖို့လိုပြီဆို မလာဘူး။ မနေ့ကဆိုပိုဆိုးတယ်။ မနက်ပိုင်း အလုပ်စတော့မယ့်အချိန်ဆိုပျက်သွားတာ၊ နေ့လည် ၁၂ ခွဲလောက်ကပြန်လာတယ်၊ တစ်ခွဲတောင်မရဘူး ပြန်ပျက်သွားတာ၊ ည ၁၀ နာရီလောက်မှလားပြန်လာတာ။ အလုပ်ပေါ်မှာထိခိုက်မှု ရှိတာပေါ့၊ မနေ့ဆို ထမင်းပါငတ်တယ် အပြင်ထွက်ဝယ်စားနေရတယ်။ ဒီနေ့လည်းမထူးဘူး ၉နာရီခွဲကျော်မှာလာတယ် ခု ၁၀ ခွဲကျော်ပြန်ပျက်သွားပြီ။”ဟု အင်တာနက်ကို အသုံးပြုပြီးအလုပ်လုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
အိမ်ရှင်မများအနေဖြင့်လည်း အိမ်းတွင်းကိစ္စများ၊ လျှပ်စစ်မီးအသုံးပြု အဝတ်လျော်၊ သန်းရှင်းရေး၊ မီးပူတိုက်နှင် အချက်အပြုတ်များတွင် အများအာဖြင့် လျှပ်စစ်မီးဖြင့် အလုပ်လုပ်နေရကြောင့် ဆိုသည်။
မြို့ခံ အိမ်ရှင်မတစ်ဦးကလည်း” မီးက မင်းအောင်လှိုင်တောင်ကြီးရောက်မှ တစ်နေကုန်လာတယ်။ ဒီရက်ပိုင်းအတော်များများပျက်နေတာလေ၊ မီးလာတာနဲ့ ထမင်းပြေးချက်နေရတာ၊ သူကပျက်ချင်တဲ့ အချိန်ပျက်နေတာကို။ နေ့လည်ဘက်လာရင် နေ့လည်မှာ ထမင်းချက်ရတယ်။ အချို့ရက်ဆိုချက်ပြုတ်ချိန်လုံးလုံးမလာဘူး အဲ့မှာ ထင်းနဲ့ချက်ရတဲ့အိမ်တွေရှိတယ်။ ထင်းလည်းအိမ်တိုင်းမရှိတော့ ခက်တာပေါ့။”ဟုပြောသည်။
ထမင်း ဟင်းချက်ရန် မီးမလာသည့်အခြေအနေများကြောင့် မိသားစုအချို့သည် အပြင်ထွက်ဝယ်စားကြသလို ဂဲက်စ်အိုးဖြင့်ချက်စားရသူများလည်းရှိနေကြောင်း သူကဆက်ပြောသည်။
လျှပ်စစ်မီးသည် ပြည်သူများ အသုံးမပြုတော့သည့် ညသန်း‌ခေါင်အချိန်တွင်လာပြီး တောင်ကြီးမြို့ပေါ်သို့ စစ်အုပ်စု၏ ခေါင်းဆောင်ပိုင်းများရောက်လာသည့် နေ့ရက် အချိန်များတွင်သာ မီးပုံမှန်လာကြောင်း စုံစမ်းသိရသည်။
ယခုရက်ပိုင်းတွင် မီးမကြာခဏပျက်နေပြီး လုပ်ငန်းခွင် ထိခိုက်ခြင်း၊ အိမ်ရှင်မများအတွက် အခက်ခဲဖြစ်စေခြင်း ရှိနေသော်လည်း တစ်လတာ၏ မီးမီတာခတွင် ယခင်ထက် ပိုတိုးပေးဆောင်နေကြောင်း ပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *