ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၈၊၂၀၂၄
တောင်ကြီးမြို့တွင် မီးပုံမှန်မလာခြင်း၊ မီးနေ့စဉ်နေ့တိုင်းပျက်နေခြင်းကို သူခိုးများ အခွင့်ကောင်းယူပြီး မီးကြိုးများ လိုက်လံခိုးယူနေကြောင်း တောင်ကြီးမြို့ခံများထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် မီးပုံမှန်မလာသဖြင့် မီးပျက်နေသည့်အချိန်များ၌ သူခိုးများက အခွင့်ကောင်းယူပြီး ရပ်ကွက်တွင်းရှိ မီးကြိုးများ၊ အချို့အိမ်များတွင် ရေမော်တာများကို လိုက်လံခိုးယူနေကြောင်း ဒေသခံများက ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ပြောဆိုသည်။
တောင်ကြီးရှိ ပန်သခွား၊ ထီဗွာ၊ ညိုမီး ကျေးရွာများ၊ ကျောင်းကြီးစု နှင့် ဘုရားဖြူ ရပ်ကွက်များတွင် မီးပျက်ချိန် နှင့် ညလူခြေတိတ်ချိန်၌ အပတ်စဥ် အပတ်တိုင်း မကြာခဏ မီးကြိုးများ ခိုးယူခံရ၊ ခိုးဖြတ်ခံနေရ ကြောင်း ဆိုသည်။
“ကျမတို့မှာ မီးပျက်ချိန်ဆို သတိထားပြီး နေရတယ်၊ညဆိုလည်း စိတ်ချလက်ချ မအိပ်နိုင်ဘူး၊ ရပ်ကွက်ထဲမှာ ခဏခဏ မီးကြိုးဖြတ်ခံနေရတော့ ဘယ်နေ့ ကိုယ့်အိမ်ဖြစ်လာမလဲ ဆိုပြီး စိုးရိမ်နေရတာ” ဟု ကျောင်းကြီးရပ်ကွက်နေ အမျိုးသမီးတစ်ဦးမှပြောသည်။
ထီဗွာကျေးရွာမှ အမျိုးသမီးတစ်ဦးကလည်း “အခု ကုန်စျေးနှုန်းတွေ အရမ်းတက်လာပြီး ခက်ခဲတော့ ရရာ လိုက်ခိုးပြီး ရောင်းစားနေတာ။ ကျမတို့လည်း မီးကြိုးဖြတ်ခံရရင် ပြန်တပ်ဆင်ဖို့ မလွယ်ကူဘူး၊ ကိုယ့်အိမ်ထဲက ပစ္စည်းတွေအပြင် အိမ်အပြင်က ပစ္စည်းတွေပါ ရသလို ခိုးနေကြတော့ လုံခြုံမှု လုံးဝမရှိသလို ခံစားရတယ်” ဟု ပြောဆိုသည်။
ဒေသတွင်း ခိုးသူများသည် အုပ်စုလိုက်ဖြင့် မီးကြိုးများအပြင် မော်တာကြိုးနှင့် ရေမော်တာများကိုပါ ခိုးဖြုတ်နေကြပြီး သူခိုးများကို အချို့ရပ်ကွက်က ဖမ်းမိသော်လည်း ရဲလက်ထဲအပ်ပါက အလွယ်တကူပြန်လွတ်ပေးနေကြောင်း ဆိုသည်။
တောင်ကြီးမြို့နယ်အတွင်း ခိုးယူမှုများအပြင် နေအိမ်ဖောက်ထွင်းမှု၊ ပစ္စည်းလုယူမှူများ မကြာခဏဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာရဲဌာနက အရေးယူဆောင်ရွက်‌ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *