ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၆၊၂၀၂၄
နောက်ဆုံးထွက်သက်ထိ တိုက်ပွဲဝင်သွားသည့် ရဲဘော်တို့၏စိတ်ဓာတ်ကို လက်စွဲကိုင်ကာ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင် ဆင်နွဲသွားမည်ဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က သံဓိဋ္ဌာန်ပြုထားသည်။
ရှမ်းမြောက်၊ သိန္နီမြို့သိမ်းတိုက်ပွဲတွင် နောက်ဆုံးထွက်သက်ထိ ရဲရင့်စွာတိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘောတို့၏စံပြအာဇာနည်စိတ်ဓာတ်ကို ဆက်လက်ဆွဲကိုင်ကာ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင် တော်လှန်ရေးကို ဆုံးခန်းတိုင်ဆင်နွဲသွားမည်ဖြစ်ကြောင်း ယမန်နေ့ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် PLA ထုတ်ပြန်ချက်အရသိရသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၇)ရက်နေ့တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့မှ စတင်ခဲ့သည့် “၁၀၂၇စစ်ဆင်ရေး”အတွင်း သိန္နီမြို့သိမ်းတိုက်ပွဲအား အောင်ပွဲရရှိသည်အထိ မဟာမိတ်တပ်ဖွဲ့များနှင့် လက်တွဲပြီး ရွပ်ရွပ်ချွံချွံပါဝင်ဆင်နွဲ ခဲ့ကြောင်းဆိုထားသည်။
သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)မှ ရဲဘော်သခွား၊ ရဲဘော်ဇနက္က၊ ရဲဘော်ဂျစ်ဂျစ်၊ ရဲဘော်သုခ၊ ရဲဘော်မိုးအောင်၊ ရဲဘော်ကောင်းကင်၊ ရဲဘော်သူရ၊ ရဲဘော်ဝက်သိန်း၊ ရဲဘော်စိန်လွင်၊ ရဲဘော်ဝကြီး၊ ရဲဘော်ကျားလေးနှင့် ရဲဘော်အောင်ဆန်းတို့ (၁၂)ဦးသည် ရဲရင့်စွာ အသက်စွန့်ခဲ့ကြကြောင်း သိရသည်။
တိုက်ပွဲအတွင်းကျဆုံးခဲ့သည့် အာဇာနည်ရဲဘော်များကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ “သိန္နီတိုက်ပွဲအာဇာနည်” များအဖြစ် အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း သိရသည်။
ပုံ-PLA

Leave a Reply

Your email address will not be published. Required fields are marked *