ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၆၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်များအတွက် အလှူရှင်များမရှိသဖြင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။
စစ်ရှောင်များသည် ဆီဆိုင်မြို့ရှိစစ်ရှောင်စခန်းများနှင့်ဆွေမျိုးအိမ်များသို့ လာရောက်ခိုလှုံနေကြပြီး အလှူရှင်မရှိသည့်အတွက် စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်ခဲကြုံ‌တွေ့နေရကြောင်း ယနေ့တွင် ပြောဆိုသည်။
“အဓိက သူတို့အလုပ်အကိုင်မရှိတော့ ဝင်ငွေကမရှိဘူး။အရင်လက ပြောင်းချိုးတာနဲ့ငရုတ်သီးခူးတဲ့အချိန်ခနဘဲ အလုပ်ရှိတယ်။ စစ်ရှောင်အရမ်းများတော့ အလှည့်ကျနဲ့သွားရသေးတယ်။အဲလိုအခြေအနေကြောင့် အလှူရှင်တွေ အပေါ်ဘဲအဓိကမှီခိုနေရတယ်”ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။
ဆီဆိုင်မြို့နယ်တွင် စစ်ရှောင် တစ်သောင်း ကျော်ရှိပြီး ဒီမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့နယ်၊ ဖယ်ခုံမြို့နယ်မှ ဒေသခံပြည်သူများဖြစ်ကြောင်း သိရသည်။
အများစုသည် နောင်ထောင်၊အောက်ကလပ်၊ဆိုက်ခဝ်နှင့် မြို့ပေါ် စစ်ရှောင်စခန်း ၆ ခုတွင်အများဆုံးရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်း၊နောင်တရား၊တီကျစ်၊ဆီဆိုင်၊ညောင်ရွှေ၊တောင်ကြီးမြို့နယ်တို့တွင် စစ်ရှောင် တစ်သိန်းဝန်းကျင်ရှိပြီး အများစုသည် အကူအညီများမရှိကြကြောင်း သိရသည်။
မြန်မာနိုင်ငံ၏သုံးပုံနှစ်ပုံသည် တိုက်ပွဲများဖြစ်နေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသည့်ပြည်သူ နှစ်သန်းခြောက်သိန်း အထိရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး UNOCHA ဒီဇင်ဘာလ ၁၅ ရက်ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed