ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၅၊ ၂၀၂၄
စစ်ကောင်စီက နိုင်ငံတဝှမ်း စစ်ရေးအရ ရှုံးနိမ့်နေမှုအပေါ်ကို အကာကွက်ယူရန် ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်မှုများသည့် ပအိုဝ်းပြည်သူများအား ဘာသာရေးကိုအသုံးချ ပြီးအမြတ်ထုတ်မှုများ ပြုလုပ်လာကြောင်းပအိုဝ်းလူငယ်များက ပြောဆိုလိုက်သည်။
ရှမ်းမြောက် နှင့်ကရင်နီပြည်တွင် တိုက်ပွဲများဖြစ်ပွား မှုမရှိဘဲ ဘာသာရေးအဆောက်အအုံများအပေါ်ကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးများကြဲချခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများဆက်လက်ပြုလုပ်နေသည်။ ထိုသို့ပြုလုပ်နေသော်လည်း ဘယ်ဘာသာရေးခေါင်းဆောင်နှင့် ဘာသာရေးအဖွဲ့ မှကန့်ကွက်ခြင်း ရှုတ်ချခြင်းမပြုလုပ်ခဲ့ပါ။
“စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘာသာရေးကျောင်းများ၊ ဘာသားရေးအဆောက်အအုံကို စစ်ကောင်စီတွေက လေယာဉ်ကို အသုံးပြုပြီး ဗုံကြဲပစ်ခတ်တိုက်ခိုက်နေတာတွေ၊ တပ်စွဲတာတွေ၊ ကာဗာယူတာတွေ အများကြီးလုပ်ခဲ့ကြသလို သီလရှင်တွေကို မုဒိန်းကျင့်တဲ့အထိ လူသားမဆန်တဲ့ လုပ်ရပ်တွေ လုပ်ခဲ့ကြတယ်။ ဒီအပေါ်မှာ ဘာသားရေးခေါင်းဆောင်က ဦးဆောင်ပြီး ဆန္ဒထုတ်‌ဖော်နိုင်တဲ့ အခင်းအကျင်းမရှိခဲ့တာကို ကြည့်ခြင်းအားဖြင့် ဒီဆန္ဒပြတဲ့ပွဲမှာ စစ်ကောင်စီရဲ့ အသုံးချ၊ စေခိုင်းမှုများစွာကို သိသာထင်ရှားစွာမြင်သာရပါတတယ်။ “ ဟု တောင်ကြီး ဒေသခံလူငယ်အမျိုးသမီးတစ်ဦးမှပြောသည်။
MNDAA ကိုးကန့်တပ်မတော်၏ တပ်သားတစ်ဦးမှစေတီပုထိုးကို သံတူဖြင့်ထုရိုက်သော တီဗီဖိုင်သည်ဇန်နဝါရီလ ၈ ရက်နေ့၌ အွန်လိုင်းပေါ်ပြန်နှံ့ပြီးနောက် MNDAA၏ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ရဟန်းသံဃာအပါအဝင်ပြည်သူများနှင့်နိုင်ငံတဝှမ်း ဆန္ဒပြမှုပြုလုပ်လာကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဇန်နဝါရီ ၁၂ ရက် စစ်ကောင်စီလက်‌အောက်ခံအုပ်စုများက ဒေသခံတိုင်းရင်းသားပြည်သူများကို အတင်းအဓမ္မ အမိန့်ပေးတက်ရောက်စေခိုင်းပြီး ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်ကြီးမြို့တောင်ဖက်နှင့် တောင်ကြီးမြို့ မြှောက်ဖက် ကျေးရွာများရှိ ပအိုဝ်းတိုင်းရင်းသားများကို PNO ပြည်သူ့စစ်က ဆန္ဒပြပွဲသို့တက်ရောက် ခိုင်းခြင်းရှိသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။
PNO တာဝန်ရှိသူတစ်ဦးက “PNO က ဘာမှမသိဘူးနော၊ အုပ်ချုပ်ရေးမှုးလုပ်တာ၊ PNO မလုပ်ဘူးအဲလိုမျိုးတွေ၊ အုပ်ချုပ်ရေးမှူးက ခေါ်ပြီးလုပ်တာ ကျွန်တော်တို့မသိဘူး။ ဒီနေ့မှသိရတာ၊ အုပ်ချုပ်ရေးသမားတွေ စီစဉ်ပြီးလုပ်တာ”ဟု ဆန္ဒပြသည့်နေတွင် ခမ်းသားငေါဝ်းကို ပြောသည်။
ရိုးသားသည့်တိုင်းရင်းသားအပေါ် စစ်ကောင်စီမှ ဘာသာရေးအမြတ်ထုတ်ရန်အတွက် လူမျိုးရေးနှင့် ဘာသားရေး ပဋိပက္ခဖြစ်ပွားစေ​ခြင်းကို ရည်ရွယ် ချက် ရှိရှိလုပ်ဆောင်လာသည်ဟု ပအိုဝ်းလူငယ်များက သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီကထိုသို့ အစဉ်အဆက်ကတည်းက စစ်တပ်နှင့် သူ၏အပေါင်းအပါများလုပ်နေကြ ပုံစံမျိုးဖြစ်သည့်အတွက် ဘာမှမဆန်းသော်လည်း ဘာသာရေးကို အသုံးချပြီး လူမျိုးရေးပြဿနာ ဒေသပဋိပက္ခများကို ဖြစ်ပေါ်အောင် ဖန်တီးလှုံ့ဆော်ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသမီး လူငယ်တစ်ဦးကပြောသည်။
ထိုင်းရောက်တက်ကြွသည့်ပအိုဝ်းလူငယ်တစ်ဦးကလည်း “ကျနော်ကတော့ စစ်တပ်က စစ်ရေးမှာ တော်တော်ကျရှုံးနေတဲ့အတွက် ဘာသာရေး၊ လူမျိုးရေးကို စစ်လက်နက်တဖွယ် အသုံးပြုနေတယ်လိုပဲမြင်တယ်။ မြေပြင်မှာ ပြန်ကြည့်ရင် စစ်တပ်ကပဲ ဘုန်းကြီးကျောင်းတွေ ဘုရားကျောင်းတွေကို ရည်ရွယ်ချက် ရှိရှိတိုက်ခိုက်နေတာကိုတွေ့ရတယ်။ ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်နေတာ လူတိုင်းသိတယ်။ “ဟု ပြောသည်။
စစ်ကောင်စီသည် စစ်ရေးအရ ကျရှုံးနေသည့် အတွက် ပြည်သူလူထုများနှင့် တော်လှန်ရေး အင်းအားစုများအကြားတွင် သွေးကွဲသွားရန် ဘာသာရေးကိုခုတုံးလုပ် ဖိအားပေးလုပ်ဆောင်နေကြောင်းနှင့် ထိုကဲ့သို့လုပ်ဆောင်သည့်နေရာတွင် နိုင်ငံရေးအသိအမြင်အားနည်းသည့် ပအိုဝ်းပြည်သူများကို စစ်တပ်မှ အသုံးချနေပြီး ပအိုဝ်း ပြည်သူများက စစ်ကောင်စီ၏ အသုံးချခံ သက်သက်ဖြစ်နေကြောင်း ၄င်းမှဆက်ပြောသည်။
“ဒီလိုမျိုး ပအိုဝ်းတွေကို ဘာသာရေးအရ အသုံးချခံနေရတော့ ဒီလိုအခြေအနေအောက်မှာ စတေးခံနေရတဲ့ ပအိုဝ်းပြည်သူလူထုတွေအတွက်တော့ တော်တော် စိတ်မကောင်းစရာပဲပေါ့။” ဟုပြည်ပရောက်ပအိုဝ်းအမျိုးသမီးလူငယ်မှပြောသည်။
ပအိုဝ်းဒေသအတော်များများရှိ ပအိုဝ်းပြည်သူများသည် မှန်ကန်သည့်သတင်းအချက်အလက်ရယူနိုင်စွမ်း အားနည်းခြင်း၊ အစဉ်အဆက်လွမ်းမိုးလာသည့်အာဏာရှင်များ၏ အတင်းဝါဒဖြန့်မှုကို ခံနေရခြင်းနှင့် အထူးသဖြင့် တပ်မတော်ထောက်ခံပွဲများအား မသွားမနေရ မလုပ်မနေရဆိုသည့် အမိန့်ပေးစေခိုင်းခံနေရခြင်းတို့ကြောင့် ပအိုဝ်းပြည်သူလူထုတွေကို အာဏာရှင်အပေါင်းအပါများက ကောင်းကောင်း အသုံးချနေခြင်းဖြစ်ကြောင်း ၄င်းမှ သုံးသပ်ပြောဆိုထားသည်။
စစ်ကောင်စီက အစဥ်အဆက် ထိုသို့အသုံးချခြင်းသည် စစ်တပ်ကျင့်သုံးနေသည့်မဟာဗျူဟာတစ်ခုဖြစ်ကြောင်း ပြောဆိုကြသည်။
ပအိုဝ်းလူမျိုးတို့အပေါ် စစ်ကောင်စီမှ ပုံစံမျိုးစုံဖြင့် နိုင်ငံရေး အမြတ်ထုတ်နေသည်မှာ ရာစုချီခဲ့ပြီဖြစ်သည့်အပြင် ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်‌နေ့က ပင်လောင်းမြို့နယ် နမ့်နိန်းရွာတွင်လည်း ကရင်နီကျူးလွန်သည်ဟု ဆိုကာ ဘာသာရေးကို အသုံးချပြီး အမိန့်​ဖြင့် အတင်းအဓမ္မဆန္ဒထုတ်ဖော်ခိုင်းခဲ့သည့်အတွက် တိုင်းရင်းသားအချင်းချင်း အကြား သွေးစည်းညီညွတ်မှု ပျက်ပြားစေခဲ့ရကြောင်းသိရသည်။
၂၀၂၁ ခုနှစ် စစ်ကောင်စီမှ အာဏာသိမ်းယူသည့်အပေါ် ပအိုဝ်းလူထုများ၏ မိမိဆန္ဒ ရင်တွင်း အမှန် ဆန့်ကျင်ကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ပြီးဖြစ်သည့်အပြင် လူထုများအနေနှင့် နိုင်ငံရေး နိုးကြားတက်ကြွရန် လိုအပ်ကြောင်းနှင့်အမှန်တရား၊ တရားမျှတမှုအတွက် ပါဝင်အားဖြည့်ရန်လိုအပ်ကြောင်း ပအိုဝ်းအမျိုးသမီးလူငယ်တစ်ဦးကပြောသည်။
ထိုင်းနိုင်ငံ ရောက်ပအိုဝ်းလူငယ်တစ်ဦးကလည်း “ကျနော်အနေနဲ့တော့ ဒီကာလမှာ လူထုတွေအနေနဲ့ စစ်တပ်က ဘာသာရေး၊ လူမျိုးရေးကို အသုံးချပြီးတော့ လူထုတွေရဲ့ စည်းလုံးညီညွတ်ရေးကို ဖြိုခွဲနေတာကို ကျနော်တိုတွေ သတိချပ်သင့်တယ်။ ကျနော်တိုတွေအနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ဖို ၊ ဖြုတ်ချဖိုကိုပဲ အားရုံစိုက်သင့်တယ်လိုမြင်မိပါတယ်။” ပြောသည်။
သတင်းအချက်အလက်များအမှောင်ဖုံးခံနေရသည့် ပအိုဝ်းပြည်သူများသည် အာဏာရှင်တို့၏ ရည်ရွယ် ချက် ရှိရှိ အသုံးချခြင်းကို သိရှိရန်အချိန်ကျပြီဟု ပြောဆိုကြသည်။
“ကျွန်မတို့ ပအိုဝ်းပြည်သူလူထုတွေက အခြားတိုင်းရင်းသားတွေနဲ့ တစ်သားတည်းရှိနေကြောင်းကို ပြသဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီနဲ့ သူ့ရဲ့အပေါင်းအပါ အသုံးချနေတာတွေကို ခုခံတော်လှန်ဖို့ လိုတယ်။ စစ်ကောင်စီက မိုင်းတိုက်နေတာတွေကို လိုက်ပါမစီးမျောဖို့လိုအပ်ပါတယ်။ “ ဟု တက်ကြွလှုပ်ရှားပအိုဝ်းအမျိုးသမီးလူငယ်ကဆိုသည်။
တောင်ကြီးမြို့ တွင်ပြုလုပ်သည့် ဆန္ဒပြပွဲသည် ပအိုဝ်းအပြင်အခြား တိုင်းရင်းသားများလည်းပါဝင်ကြောင်းသိရသည်။
ဆန္ဒပြပွဲကို တောင်ကြီး၊ မန္တလေးနှင့်ရန်ကုန်မှ မဘသ အဖွဲ့ဝင်များနှင့် အစွန်းရောက်အမျိုးသားဝါဒီများ၊ စစ်တပ်ထောက်ခံသူများနှင့် နေ့စားခပေး ခေါ်သူများ ပူးပေါင်းပါဝင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *