ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၄၊ ၂၀၂၄
ယခုနှစ်အတွင်း အားလူးဈေးကောင်းရသော်လည်း ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေးများမြှင့်နေခြင်း ကြောင့် ရေသွင်းပြီး အာလူးစိုက်တောင်သူများ အခက်အခဲရှိနေကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ် ၊နောင်တရားဒေသတွင် ယခင်နှစ်ထက် ယခုနှစ် အာလူးဈေးရသော်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စက်သုံးဆီဈေး မြင့်တက်နေခြင်းတို့ကြောင်း အာလူးစိုက်တောင်သူများ အခက်ကြုံတွေ့နေရသည်ဟု ဇန်နဝါရီလ ၁၄ ရက်ကသိရသည်။
“အရင်နှစ်ထက်စာရင် ဒီနှစ်က ဈေးရှိပေမယ့် အရမ်းတော့မကျန်ဘူး စားသောက်ကုန်တွေက ဈေးကြီး အာလူးမျိုးကလည်းစျေးကြီးဆိုတော့ မကိုက်ပါဘူး” ဟု အာလူးစိုက်တောင်သူအမျိုးသမီးတစ်ဦးမှပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနှစ်နှစ်ကျော်အတွင်း စက်သုံးဆီအဆမတန်မြင့်တက်ခြင်းကြောင့် ရေသွင်းစိုက်ပျိုးသည့် အာလူးစိုက်တောင်သူများအခက်တွေ့ခဲ့ရသည်။
ပင်လောင်းမြို့၊ နောင်တရားမြို့ဒေသဘက်တွင် အားလူးကို တစ်နှစ်သုံးကြိမ် စိုက်ပျိုးကြပြီး ရေသွင်းစိုက်ပျိုးခြင်းလည်းများကြောင်းသိရသည်။
“ အခုက ဈေးရှိတယ်ပြောပေမယ့် စက်သုံးဆီ ဈေးနဲ့ ပြန်တွက်ရင်တော့ မကိုက်ဘူး။ အခုဆိုဒီဇယ်ဆီကို ပေပါလိုက်မရောင်းပေးတော့ စိုက်ပျိုးရေးလုပ်တဲ့သူတွေတော့ခက်တာပေါ့ ။ ဆီစျေးကလည်း အရမ်းဈေးကြီးတယ်။ “ ဟု ၄င်းမှ ဆက်ပြောသည်။
လက်ရှိမှာ အာလူးမြတ်နီ ၁ ပိဿကို ၃၈၀၀ ကျပ် ရှိပြီး တရုတ်အာလူးမျိုး ၁ ပိဿကို ၄၀၀၀ ကျပ်ရှိကြောင်းသိရသည်။
အာလူးစိုက်တောင်သူဒေသခံတစ်ဦးမှလည်း” စိုက်ပျိုးတဲ့နေရာမှာဆိုရင် စိုက်ပျိုးနည်းပညာအရ မကျွမ်းကျင်တော့ ပိုးမကျအောင်လုပ်ရတာက အရမ်းခက်တယ် အပင်ကပိုးကျပြီဆိုရင်မလွယ်တော့ဘူး။ အထွက်မကောင်းတော့ဘူး” ဟု ပြောသည်။
ထိုအပြင်အာလူးမျိုးများကို အောင်ပန်း၊ ကလောမှ ပွဲစားများထံမှ တဆင့်ဝယ်ယူလေ့ရှိပြီး မြတ်နီနှင့် မားကစ်အာလူးမျိုးများသည် တစ်ခါစိုက်ပြီး အမျိုးယူနိုင်သည့်အတွက် ထပ်မံဝယ်ရန် မလိုသော်လည်း တရုတ်အာလူးမျိုးကိုတော့ ထပ်မံဝယ်ယူရကြောင်း ၄င်းမှဆက်ပြောသည်။
အာလူးကို ရှမ်းပြည်နယ် တောင်ပိုင်းတွင် အထွက်များပြီး အောင်ပန်း၊ မန္တလေး၊ ရန်ကုန် သို့တင်ပို့ရောင်းချကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *