ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၂၊၂၀၂၄
၁၀၂၇ စစ်ဆင်ရေးအပါအဝင် နွေဦးတော်လှန်ရေး အောင်မြင်မှုနှင့်အတူ တော်လှန်ရေးအင်အားစုများအကြား ဘုံသဘောတူညီချက်တစ်ခုရရှိရန် လိုအပ် ကြောင်း ၆၁ နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့အား ပေးပို့သည့် ပအိုဝ်းအမျိုးသားဖတ်ဒရယ်ကောင်စီ PNFC ၏ သ၀ဏ်လွှာတွင် ဆိုထားသည်။
တအာင်းအမျိုးသားလွှတ်မြှောက်ရေး တော်လှန် ရေးအလံကို ၆၁ နှစ်ပြည့်မြှောက်သည့်တိုင်အောင်ဆက်လက်လွင့်ထူချီတက်၍ အသက်၊သွေး၊ချွေး၊ဘဝပေါင်းများစွာ ရင်းနှီးစွန့်လွှတ်ပြီး ရေးထိုးစိုက်ထူနေကြသည့် တအာင်းအမျိုးသားလွှတ်မြှောက်မှု တော်လှန်ရေး မော်ကွန်းကို PNFC ကဦးညွှတ် ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ပြောသည်။
TNLAအပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ နှစ်သစ်ကြေညာချက် နှင့်အညီ စစ်ကောင်စီမှ လေကြောင်း၊လက်နက်ကြီး နေ့ည ပစ်ခတ်တိုက်ခိုက်နေမှုအပေါ် ဟန့်တားနိုင်ရေး၊မြန်မာပြည်တစ်ရပ်လုံး၏လိုလားချက်ဖြစ်သော စစ်အာဏာရှင်အမြစ်ပြတ်ရေး အပါအဝင် မိမိ၏ ရည်မှန်းချက် များကို တရားဝင်ဖော်ပြပြီး ၁၀၂၇ စစ်ဆင်ရေးကို ဟန်ချက်ညီညီ ပူးပေါင်းဆင်နွဲ့ခဲ့ကြောင်း ဆိုသည်။
ယူကရိန်းနှင့်ရှရှား၊ အစ္စရေးနှင့်ပါလက်စတိုင်းအပြင်းအထန်စစ်ကြီး ဖြစ်ပွားနေချိန်မှာပင် ၁၀၂၇ အောင်မြင်မှုများကို နိုင်ငံတကာမီဒီယာများက အသာပေး ဖော်ပြခဲ့ပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်း အထူးအာရုံစိုက်မှုကိုရရှိခဲ့သည်။
ထိုနောက် ပြည်တွင်းပြည်ပရှိ သွေးချင်းများကလည်း ကြိုဆိုထောက်ခံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
“တပ်ပေါင်းစုဝင်တစ်ဖွဲ့ဖွဲ့ကို စစ်ရေးအရ တိုက်ခိုက်လာပါက တပ်ပေါင်းစုအဖွဲ့အားလုံးကို တိုက်ခိုက် သည် ဟု မှတ်ယူကာ စစ်ရေးအပါအဝင်အဖက်ဖက်မှ အပြန်အလှန်ဝိုင်းဝန်းကူညီကြရမည်”ဟူသည့် တပ်ပေါင်းစုအခြခံမူကို PSLF/TNLAကအပြည့်ဝလိုက်နာကျင့်သုံးပြီး နွေဦးတော်လှန်ရေး အောင်နိုင် စေရေးအတွက် စံနမူနာပြခဲ့ရသည်ကို ဂုဏ်ယူပါသည် ဟု PNFC ၏ သ၀ဏ်လွှာတွင် ဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *