ခမ်းသားငေါဝ်း
ဇန်နဝါရီ ၈၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့အတွင်း ရဲစခန်း ၊ထွေအုပ်ရုံးနှင့်အရပ်သားနေအိမ်တချို့တို့မီးလောင် ပြာကျခဲ့ ကြောင်းသိရသည်။
ဇန်နဝါရီ ၇ ရက် ည ၆ နာရီခွဲအချိန်တွင် မီးစတင်လောင်ခဲ့ရာ ည ၁၁ ထိ မီးလောင်ခဲ့ပြီး ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဒေသခံအိမ်နှစ်လုံး မီးလောင်ပြာကျ ခဲ့ ကြောင်းသိရသည်။
” မီး ဘယ်လို စလောင်နေတယ်ဆိုတာတော့မသိဘူး။ နေအိမ်တွေ မီးလောင်တာ သိပေမယ့် မြို့မှာ လူနည်းနည်းပဲကျန်တယ်။ ပြီးရင် စစ်ကောင်စီဖက်ကော တော်လှန်ရေးဖက်ကော အပြန်အလှန် ပစ်နေကြတယ်ဆို တော့ ဘယ်သူမှ သွားမငြိမ်းရဲဘူး။မနက် ရောက်တော့ ပြာကျနေပြီ”ဟု ဖယ်ခုံမြို့တွင်း ပိတ်မိနေသည့် ဒေသခံတစ်ဦးထံကခမ်းသားငေါဝ်းကို သိရသည်။
မီးလောင်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဖက်မှ လေကြောင်းဖြင့် ၅ ကြိမ်ထက်မနည်း လေယာဉ်ဖြင့် ဗုံးလာကြဲပြီး ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖယ်ခုံမြို့နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆက်လက်လုပ်ဆောင်နေပြီးတိုက်ပွဲများပြင်းထန် နေသဖြင့် မြို့ပေါ် တွင် မထွက်နိုင်သော ဒေသခံများစွာရှိ သေးကြောင်းသိရသည်။
“လုံခြုံတဲ့ ဗုံးခိုကျင်းတို့ နေရာပဲနေရဲတယ်။တိုက်ပွဲက နေ့တိုင်း ဖြစ်နေတယ် ထွက်ဖို့လည်း အခက်ခဲရှိတယ်။အဲတာကြောင်း သည်းခံပြီး နေနေတာ”ဟု၎င်းကဆက် ပြောသည်။
ဖယ်ခုံမြို့နယ် အတွင်းတွင် ဖုန်းလိုင်းဖြတ်တောက်ခံရပြီး နေရာတိုင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရနိုင်ကြောင်းဒေသခံပြောပြချက်အရသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင်လည်း ဖယ်ခုံမြို့နယ်ဗိုလ်ချယ်ကျေးရွာနေ အမျိုးသားနှစ်ဦး သည် စစ်ကောင်စီလက်နက်ကြီးထိမှန်ပြီး တစ်ဦးသည်ပွဲချင်းသေဆုံးခဲ့ပြီး နောက်တစ်ဦးသည် ဆေးကုသနေစဉ် သေဆုံးသွားခဲ့ ကြောင်းသိရသည်။
ကရင်နီ​ပြည် တော်လှန်ရေးအင်အားစုများသည် ဖယ်ခုံဒေသရှိ ဆောင်းနန်းခဲတောင်ပေါ်၊ ရွှေပြည်အေးတောင်ပေါ်၊ လွယ်ပသာတောင်ပေါ် စသည့်စစ်ကောင်စီတပ်စခန်းများကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တစ်ခုပြီးတစ်ခု သိမ်းပိုက်နိုင်ခဲ့ကြောင်း KNDF က ဇန်နဝါရီ၂ ရက် နေ့တွင် ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *