ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၁၊၂၀၂၄
ရှမ်း-ကယား နယ်စပ်ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်းရေးအင်အားစုအကြား တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် နှင့် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ညမှစပြီး နှစ်ဘက်တိုက်ပွဲပြင်းထန်ဖြစ်ပွားကာ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်များမီးလောင်ပြာကျခဲ့ရသည်။
“တိုက်ပွဲစဖြစ်ကတည်းက လေယာဥ်နဲ့ဗုံးကြဲတာတွေရှိတယ်။ အိမ်တွေကျောင်းတွေအခြားအဆောက် အအုံတွေ ထိခိုက်တာအများကြီးပဲ။ ဘယ်လောက်များလည်းတော့မသိရဘူး၊ စစ်ဖြစ်တာနဲ့ ပြေးနေရတယ် ရှောင်နေရတယ်။ တချို့လည်း မြို့ထဲပိတ်မိတာတွေရှိတယ်။”ဟု ဖယ်ခုံမြို့ခံ အမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဖယ်ခုံမြို့နယ်အတွင်း ယမန်နေ့ထိတိုက်ပွဲပြင်းထန်သဖြင့် အရပ်သားပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး ကုန်းလမ်းကြောင်း နှင့်ရေလမ်းကြောင်းများကို ပိတ်စို့ထားမှုရှိနေသောကြောင့် တိမ်းရှောင်ရာတွင် အခက်ခဲရှိခဲ့ကြောင်း ဆိုသည်။
“ဒီရက်ပိုင်းက Video ဖိုင်တွေ့တယ်မလား၊ ကမ်းအရှေ့ဘက်လူကိုကြိုဖို့ အဲ့မှာ စက်လေပစ်ခံရတာတွေရှိတယ်၊ လိုက်ပစ်တာလေယာဥ်နဲ့၊ မြို့ထဲဆိုပိုဆိုးပေါ့၊ ခုဆိုမြို့ထဲမှာ မနေ့က တော်လှန်းရေးသမားတွေ အတော်များများသိမ်းပစ်လိုက်ပြီ၊ အခြေနေက ဘယ်လိုဆက်ဖြစ်မယ်လည်းမသိတော့ အဆင်မပြေဘူးပေါ့”ဟု ၎င်းကဆက်ပြောသည်။
ဖယ်ခုံမြို့ရှိ မြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီ၏ ရုံးအများစုကို ယမန်နေ့ ၁၀ ရက်နေ့တွင် တော်လှန်ရေးအင်အားစုတပ်ဖွဲ့များက တိုက်ခိုက်ပြီး ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များကထုတ်ပြန်ထားသည်။
ထို့အပြင် ဖယ်ခုံမြို့နယ် ကုန်းဆုံဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဖယ်ခုံတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံးကာ တော်လှန်ရေးအင်အားစုဘက်မှလည်း သေဆုံးမှုရှိကြောင်း ဆိုထားသည်။
တိုက်ပွဲပြင်းထန်မှုကြောင့် ပိတ်မိနေသောပြည်သူကိုကယ်ထုတ်နိုင်ရန် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောင်ထားရေးဌာနတို့မှကယ်ထုတ်ပေးလျက်ရှိပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မည်ကို စိုးရိမ်နေရကြောင်း‌ ၎င်းအမျိုးသမီးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed